“ကျနော်တို့ အရင်တုန်းကလို ပျောက်ကြားစနစ်နဲ့ ပစ်တာတွေ၊ တိုက်တာတွေ သိပ်မလုပ်တော့ဘူး။ ထိုးစစ်တွေ၊ တိုက်စစ်တွေ ကိုယ့်ဘက်က စစ်ဗျူဟာပေါင်းစုံ၊ နည်းပညာပေါင်းစုံ ကျနော်တို့ တိုက်ခိုက်နေတာ ဖြစ်တယ်”
ဖလမ်းမြို့ တိုက်ပွဲအခြေအနေ ချင်းလဲန်အစိုးရတပ်ဖွဲ့၊ ပြန်ကြားရေး တာဝန်ခံနဲ့ မေးမြန်းချက်၊

ကိုသူ/MFP၊ ဖေဖေါ်ဝါရီ – ၈
ချင်းပြည်၊ ဖလမ်းမြို့ကို ပြန်ရရေး အာဏာသိမ်း စစ်အုပ်စုက ၂၀၂၅ အောက်တိုဘာလက စတင်ကာ အင်အား ၁၀၀၀ လောက် သုံးပြီး စစ်ကြောင်း သုံးကြောင်းနဲ့ နှစ်ဖက်ညှပ်ကာ တန်ပြန် ထိုးစစ်ဆင်လို့ ချင်းပြည်မှာ လေးလကြာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။
ဖလမ်းမြို့ဆီ ဦးတည်လာတဲ့ စစ်အုပ်စု စစ်ကြောင်းတွေကို ချင်းတော်လှန်ရေးတပ်တွေက စောင့်ကြို တိုက်ခိုက်ရာ အရာရှိအဆင့်တွေ အပါအဝင် စစ်အုပ်စု ၂၀၀ ကျော် သုတ်သင်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိထားတယ်လို့ ချင်းလဲန်အစိုးရတပ်ဖွဲ့ (Chinland Ministry of Defense) က ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ ဖလမ်းမြို့ ပြန်ရရေးနဲ့ ကလေး-ဖလမ်း လမ်းကြောင်းကို စိုးမိုးနိုင်ရေးအတွက် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် ခေါ် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေက ထုတ်နုတ်စုဖွဲ့ထားတဲ့ တပ်ရင်း ကိုးရင်းနဲ့ ဖလမ်းမြို့ဆီ ဦးတည် ထိုးစစ်ဆင်နေတာ ဖြစ်ပြီး တိုက်ပွဲမှာ အထိနာ အသေများတာကြောင့် မြေပြင် စစ်ကူပို့လွှတ်တာ၊ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ သုံးကာ အပြင်းအထန် ထိုးစစ်ဆင်နေတာလို့ ချင်းလဲန်အစိုးရတပ်ဖွဲ့က ဖော်ပြပါတယ်။
လေးလကြာ အပြင်းအထန် ဖြစ်ပွားနေတဲ့ ဖလမ်းမြို့ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ချင်းလဲန်အစိုးရတပ်ဖွဲ့ (Chinland Ministry of Defense)၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ Nai John Kim ကို MFP က ဆက်သွယ်မေးမြန်းထားပါတယ်။
MFP မေး။ ။ ပထမဦးဆုံးအနေနဲ့ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်မှာ စစ်အုပ်စုက ဘယ်နှစ်ကြိမ် စစ်ကူပို့ခဲ့ပြီး အင်အား ဘယ်လောက်ရှိသလဲဆိုတာ ရှင်းပြပေးပါအုံး။
ဖြေ။ ။စစ်ကြောင်းကတော့ ကျနော်တို့ ဝေဘူလကနေ တက်တဲ့ စစ်ကြောင်းတစ်ခုရယ်၊ ကလေးမြို့ကနေ တက်တဲ့ စစ်ကြောင်းတစ်ခုရယ် စစ်ကြောင်းနှစ်ခုပါ။ ထပ်ဖြည့်တဲ့ စစ်ကြောင်းကတော့ ကလေးမြို့ကနေ ထပ်ဖြည့်တဲ့ စစ်ကြောင်းတစ်ခုရှိတယ်။
မေး။ ။ စစ်တပ်က ကလေးမြို့ကနေ အဓိက စစ်ကြောင်းထိုးနေတာကို ဝေဘူလကနေ စစ်ကြောင်း၊ ကလေး – သိုင်းငင်းလမ်းကနေ စစ်ကြောင်းတစ်ကြောင်း၊ စစ်အုပ်စု တပ်မ (၇၇) ကနေ တပ်ရင်း (၉)ရင်း အင်အား ထောင်ချီနဲ့ ထိုးနေတယ်လို့ ချင်းလဲန်းအစိုးရက ထုတ်ပြန်ထားပါတယ်။ ဖလမ်းမြို့ကို စစ်ကြောင်း ဘယ်လောက်နဲ့ ဝိုင်းပြီး ထိုးနေတဲ့ အခြေအနေရှိပါသလဲ။
ဖြေ။ ။ စစ်ကြောင်းထိုးတာကတော့… ဖလမ်းကနေ စစ်ကြောင်းကတော့ နှစ်ခုနဲ့ပါ။ ထည့်ဖြည့်တဲ့ ဟာတွေနဲ့ ဖလမ်းမြို့ဝင်တဲ့ စစ်ကြောင်းတစ်ကြောင်းရယ်၊ ဖလမ်းမြို့ လေယာဉ်ကွင်းကိုလာမယ့် စစ်ကြောင်းရယ် နှစ်ကြောင်းပါ။
မေး။ ။အဲ့ဒီလို ထိုးနေတဲ့ စစ်ကြောင်းတွေကို ချင်းလဲန်းအစိုးရ တပ်ဖွဲ့တွေက ဘယ်နေရာတွေမှာ အဓိကထား တိုက်ခိုက်ခဲ့ပါသလဲ။
ဖြေ။ ။ စစ်ကြောင်းက အကုန်လုံးက ချင်းလဲန်းကာကွယ်ရေး… ဘယ်စစ်ကြောင်းကို တိုက်နေတာလဲဆိုတော့ စစ်ကြောင်းထိုးတဲ့ နေရာတိုင်း ကျနော်တို့ အကုန်လုံး ဝင်တိုက်နေတာ။ ချင်းလဲန်းကာကွယ်ရေး ဝန်ကြီးဌာနကနေပြီးတော့ စစ်ကြောင်းကို ဦးဆောင်ပြီးတော့ တားဆီး တိုက်ခိုက်နေတာပါ။
မေး။ ။ အဲ့ဒီ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်တွေကို ဘယ်သူတွေက ကွပ်ကဲနေတယ်လို့ သိရပါသလဲ။ ရှမ်း၊ ရခိုင်တို့က စစ်ရှုံးတွေလား။ စစ်မှုထမ်းတွေ အများစုဖြစ်မလား။
ဖြေ။ ။ ဒီဦးဆောင်တဲ့ စစ်တပ်တွေကတော့ အများအားဖြင့် ဗျူဟာမှူးအဆင့် ဦးဆောင်တာ ရှိတယ်။ အများအားဖြင့်တော့ တပ်မ (၉၉) ဦးဆောင်တာ များတယ်။ စစ်ရှုံးတွေ မဟုတ်ဘဲနဲ့ စစ်မှုထမ်းဟောင်းတွေ မဟုတ်ဘဲနဲ့ စစ်မှုထမ်းနေတဲ့ လူတွေပဲ။ အဲ့ဒီမှာ ပါလာတာကတော့ စစ်ကောင်စီက အတင်းဖမ်းထားတဲ့ သူတွေပါသလို၊ ပျူစစ် (ပစ) တွေလည်း တော်တော်များတယ်။
မေး။ ။ အဲ့ဒီလို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုစစ်ကြောင်း လေးလကျော် တိုက်ပွဲမှာ စစ်အုပ်စု စုစုပေါင်း ဘယ်လောက် သေဆုံးခဲ့ပါသလဲ။
ဖြေ။ ။ ဒီသုံးလ၊ လေးလအတွင်းမှာပေါ့ ကျနော်တို့ ဖြိုနိုင်တာကတော့ ၂၀၀ လောက်တော့ ဖြိုနိုင်တယ်။ ၂၀၀ ကလည်း တော်တော်လေး များတယ်။ လက်နက်ခဲယမ်းလည်း သိမ်းတာ ရှိတယ်။
မေး။ ။ ပြီးခဲ့တဲ့ နှစ်လတာတိုက်ပွဲမှာ အရာရှိ ကိုးဦး အပါအဝင် ရန်သူ ၂၀၀ ကျော် သုတ်သင်နိုင်ခဲ့တယ်၊ စစ်သုံ့ပန်းတွေ ဖမ်းဆီး ရရှိတယ်၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဆိုတော့ အင်အားထောင်ချီရှိတဲ့ စစ်အုပ်စု တပ်ရဲ့ သုံးချိုး တစ်ချိုးလောက် သေဆုံးခဲ့တယ်လို့ နားလည်ရပါတယ်။ အဲ့ဒီအခြေအနေလေးလည်း ရှင်းပြပေးပါအုံး။
ဖြေ။ ။ ကျနော်တို့ တိုက်ပွဲမှာတော့ တောက်လျှောက် ကြည့်ရင်တော့ အင်အားက ၁၀၀၀ လောက် ရှိတယ်။ ကျနော်တို့ သုံးချိုး၊ တစ်ချိုးလောက်ထိ ချိုးနိုင်တယ်။ လက်နက်ခဲယမ်းတွေလည်း ရပါတယ်။ အဓိက ပြောချင်တာကတော့ ခြေ၊လက် ပြတ်ဒဏ်ရာရလည်း တော်တော်များမှာ။ ရှေ့ဆက် မတိုးနိုင်အောင် ကျနော်တို့ ခုခံထားတယ်။

မေး။ ။ စစ်တပ်က လေကြောင်းက ဗုံးကြဲ သတ်ဖြတ်မှု လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ ဆိုတော့ လေးလကျော်အတွင်း ဘယ်နှစ်ကြိမ် တိုက်ခိုက်ခဲ့ပါသလဲ။
ဖြေ။ ။ လေကြောင်းတိုက်ခိုက်မှုကတော့ တော်တော်များတယ်။ ဆိုတော့ လေယာဉ်လာတဲ့ အချိန်က ၅၀ လောက်… လေယာဉ်လာတဲ့ အချိန်က၊ တစ်ခါကြဲရင် အလုံး ၆၀ လောက် ကြဲတယ်။ ဂျက်ဖိုက်တာတွေ ကလည်း ကြဲလာတယ်။ တောက်လျှောက် လက်ရှိအချိန်ထိ၊ ကျနော်တို့ ဗုံးအလုံး ၁၀၀ ကျော်ကတော့ တိုက်ခိုက်လာတာ ရှိတယ်။

မေး။ ။ တိုက်ပွဲအတွင်းအတွင်း တော်လှန်ရေးရဲဘော် ဘယ်နှစ်ဦး ကျဆုံးခဲ့ပါသလဲ။ ဘယ်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသလဲ။
ဖြေ။ ။ လက်ရှိဆိုတော့ ဒဏ်ရာရ၊ ကျဆုံးတာက ဖော်ပြလို့ မရသေးဘူး။ တိုက်ပွဲက ဆက်တိုက် သွားရအုံးမှာဆိုတော့ အဆုံးထိ…
မေး။ ။ လက်ရှိအချိန်မှာကော စစ်တပ်က အင်အား ဘယ်လောက် ကျန်တော့တဲ့ အခြေအနေလဲ။ ဘယ်နေရာတွေမှာ တပ်စွဲ ထားပါသလဲ။
ဖြေ။ ။ အခု တပ်စွဲထားတဲ့နေရာကတော့ သူတို့ ဝေဘူလက တက်လာတဲ့ စစ်ကြောင်းကတော့ ဖလမ်းမြို့ အနီးက စွန်ထောင်းရွာမှာ ရှိတယ်။ ကလေးကနေ တက်လာတဲ့ စစ်ကြောင်းကတော့ ဖလမ်းမြို့ လေယာဉ်ကွင်းအနီးက ခွန်းလီရွာမှာ ရှိတယ်။ အဓိကတော့ အဲ့ဒီနေရာ နှစ်ခုပါပဲ။ သူတို့အဲ့ဒီကနေ မတိုးနိုင်ဘူး။ တိုက်ပွဲ ဖြစ်နေတာ ရှိတယ်။ နောက် စစ်ကူလာတဲ့ အဖွဲ့လည်း ကလေးနဲ့ ဖလမ်းကြားမှာ ရောက်နေတဲ့ စစ်တပ်နဲ့လည်း နေစဉ်အမျှ တိုက်ပွဲရှိနေပါတယ်။
မေး။ ။ ဒီလို စစ်ကြောင်းထိုးတာက စစ်အုပ်စုတပ်တွေက စစ်ရေး လေယာဉ်ကွင်းရှိတဲ့ ဖလမ်းမြို့ကို အခြေပြုနိုင်ဖို့နဲ့ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးဇုန်ရှိတဲ့ ရိဒ်မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ ဆိုပြီး ပြောဆို နေကြတာ ရှိပါတယ်။ စစ်အုပ်စုရဲ့ အဓိက ပစ်မှတ်က ဘာများ ဖြစ်မလဲ။
ဖြေ။ ။ အဓိက သူတို့ပစ်မှတ်ကတော့သူတို့ အဲ့ဒါပါပဲ။ ကျနော်တို့ ပြောချင်တာက သူတို့ ဖလမ်းကို စိုးမိုးနိုင်ပြီဆိုရင်တော့ သူတို့က ချင်းပြည်နယ် စိုးမိုးနိုင်ပြီပေါ့။ ပြီးတော့ အိန္ဒိယ-မြန်မာ လမ်းကြောင်းကိုလည်း သူတို့ထိန်းနိုင်ပြီ။ ဒီဟာတွေက သူတို့ အတွက် အခွင့်ရေးတစ်ခုလို ဖြစ်သွားမှာပေါ့။ ကျနော်တို့ ဘက်က ပြန်စဉ်းစားရမယ် ဆိုရင်တော့ (ဖလမ်းမြို့ ပြန်လည် လက်လွှတ်လိုက်ရရင်) ဆုံးရှုံးမှု တော်တော်လေး ရှိတယ်။ ဒါက ချင်းပြည်နယ် တစ်ခွင်လုံးနဲ့ ဆိုင်တယ်။ ဖလမ်းသာ ကောင်းကောင်းမွန်မွန် ရောက်နိုင်ပြီဆို တောင်ပိုင်းလည်း သူတို့ သတ်ဖြတ်နိုင်တဲ့ အခြေအနေ ရှိတယ်။ ဆိုတော့ စစ်ဗျူဟာက နားလည်နိုင်သလောက် အင်အား အလုံးအရင်းသုံးပြီး ခုခံနိုင်သလောက် ခုခံနေပါတယ်။
မေး။ ။ ဒီတိုက်ခိုက်မှုကို ချင်းလဲန်းအစိုးရတပ်ဖွဲ့ ဘယ်တပ်ရင်းက အဓိက တိုက်ခိုက်ခဲ့တာလဲ။ ချင်းညီနောင် တပ်ဖွဲ့တွေနဲ့ ပူးတွဲ စစ်ဆင်ရေးလား။
ဖြေ။ ။ ကျနော်တို့ ချင်းလဲန်းအစိုးရအနေနဲ့ကတော့ အကုန်လုံးပါတယ်။ ဒီစစ်ကြောင်းကို ဦးဆောင်တဲ့ အဖွဲ့ကတော့ CNA (ချင်းအမျိုးသား ကာကွယ်ရေးတပ်/ချင်းအမျိုးသားတပ်ဦး- CNA/CNF) က ဦးဆောင်တာပေါ့။ CNA က အဓိက ဦးဆောင်တယ်လို့ ပြောချင်တာထက် ချင်းလဲန်းကာကွယ်ရေးဌာန ကနေ တာဝန်ပေးထားတဲ့ အဖွဲ့တွေကနေ ဦးဆောင်းထားတာ ရှိတယ်။ အဲ့ဒီမှာ ချင်းညီနောင်တပ်ဖွဲ့ ဘက်ကတော့ ချင်းညီနောင် အနေနဲ့ ပါဝင်တာ မရှိပါဘူး။ ဆိုတော့ ဖလမ်းပါတယ်။ CNDF ပေါ့။ တခြားအဖွဲ့ PDF – Zoland အဖွဲ့ ပါလာတယ်။
မေး။ ။ စစ်အုပ်စု စစ်ကြောင်းထိုးချိန်မှာ အရပ်သားတွေ ဖမ်းဆီး သတ်ဖြတ်ခံရတဲ့ အခြေအနေ ရှိပါသလား။ နေအိမ်တွေ မီးရှို့တဲ့ ဖြစ်စဉ်တွေ ရှိပါသလား။ အဲ့ဒါတွေ ရှိခဲ့တယ်လို့ သိသလောက် ပြောပြပေးပါအုံး။
ဖြေ။ ။ လူနေအိမ်မီးရှိုတာတော့ ရှိပါတယ်။ အဓိကတော့ ပြည်သူတွေ ဖမ်းဆီးတာ ရှိတယ်။ တချို့နေရာတွေ ဖမ်းဆီးခံရတယ်။ သူတို့က ကားနဲ့ လာနိုင်သလောက် လာပြီးတော့မှာ သူတို့က တောတိုး ပြီးတော့ ကုန်းကြောင်းက လာပြီးမှာ ရွာတွေ ဖြတ်တာဆိုတော့…
မေး။ ။ ချင်းပြည်နယ်က အညာဒေသတွေလို မဟုတ်ဘဲ တောင်ကုန်းတွေ၊ တောင်တန်းတွေ ရှိတဲ့အတွက် ဒါတွေက တော်လှန်ရေး အင်အားစုအတွက် သဘာဝက ဖန်တီးပေးထားတဲ့ ခံတပ်လို့ ပြောဆိုကြတာ ရှိပါတယ်။ ဆိုတော့ဒါနဲ့ ပတ်သက်ပြီး ဘာများ ပြောဆိုချင်တာ ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ချင်းပြည်နယ်မှာတော့ တောင်ကုန်းတောင်တန်းတွေက ကျနော်တို့အတွက် အားသာချက် တစ်ခုပါပဲ။ တောင်ကုန်း၊ တောင်တန်းတွေကလည်း ကျနော်တို့ ခံတပ် တစ်ခုပါပဲ။ ဒါကျနော်တို့ ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်။ ကျနော်တို့ အရင်တုန်းကလို ပျောက်ကြားစနစ်နဲ့ ပစ်တာတွေ၊ တိုက်တာတွေ သိပ်မလုပ်တော့ဘူး။ ထိုးစစ်တွေ၊ တိုက်စစ်တွေ ကိုယ့်ဘက်က စစ်ဗျူဟာပေါင်းစုံ၊ နည်းပညာပေါင်းစုံ ကျနော်တို့ တိုက်ခိုက်နေတာ ဖြစ်တယ်။ ကိုယ်ရဲ့ မြေပြင် အခြေအနေကို ကောင်းကောင်း အသုံးချနိုင်တာကတော့ ကျနော်တို့ရဲ့ အားသာချက်တစ်ခုပေါ့။
မေး။ ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဖြည့်ပြောချင်တာရှိရင် ပြောပြပါအုံး။
ဖြေ။ ။ ဒီတစ်ခေါက် စစ်ကြောင်းထိုးလာတဲ့ အရာက သူတို့မှာ ရည်ရွယ်ချက် အများကြီး ရှိပါတယ်။ ချင်းပြည်နယ်ကို မဲထည့်နိုင်ဖို့ လုပ်တာလည်း သူတို့ ရည်ရွယ်ချက် တစ်ခုအပါပေါ့။ ဒီစစ်ကြောင်းက သုံးသပ်ရမယ်ဆိုရင်တော့ နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်တယ်။ ဒီစစ်ကြောင်းကို ကျနော်တို့ဘက်က ဖြိုနိုင်ခဲ့မယ် ဆိုရင်တော့ နောက်ထပ် တက်နိုင်ဖို့က မလွယ်တော့ဘူး။ ဒါကြောင့် ကျနော်တို့ ချင်းညီနောင်ရယ်၊ ချင်းလဲန်းအစိုးရရယ် ဘာညာဆိုတာထက် ရှိနေတဲ့ စစ်ကောင်စီကို ကျနော်တို့ ဘယ်လို တိုက်ထုတ်မလဲ၊ ချင်းပြည်နယ်ကနေ လုံးဝ ပပျောက်နိုင်အောင်၊ ဒါက ရည်ရွယ်ချက် နံပါတ်(၁) ထားရမှာပဲ။ ဟိုအဖွဲ့အစည်း၊ ဒီအဖွဲ့အစည်း လက်ညှိုးထိုးတဲ့အရာက ဘာမှ အရာမရောက်ပါဘူး။ ကျနော်တို့အတွက် ဒါတွေက အဖြေ မဟုတ်သလို ချင်းပြည်နယ်ရဲ့ စည်းလုံးခြင်း အဖြေလည်း မဟုတ်ဘူး။ ဒီအတွက် ကျနော်တို့ ဘယ်လို အတူတကွ တိုက်ပွဲဝင်မယ်ဆိုတာက ဘယ်လို လွတ်မြောက်အောင် လုပ်မယ်ဆိုတာက အဓိက ရည်ရွယ်ချက်ပါပဲ။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ချင်းလဲန်အစိုးရတပ်ဖွဲ့ (Chinland Ministry of Defense) ၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ Nai John Kim နဲ့ ဖလမ်းတိုက်ပွဲကနေ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေ/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



