စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မြင်းမူမှာ PDF စခန်း အလစ်ဝင်စီးခံရပြီး တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံး၊ လက်နက်တချို့ ဆုံးရှုံး၊

MN/MFP ၊ ဖေဖော်ဝါရီ – ၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ PDF စခန်းတစ်ခုကို အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေက  ဖေဖော်ဝါရီ ၇ ရက်ညပိုင်း အလစ်အငိုက်ချောင်း ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံးကာ လက်နက်ခဲယမ်းတချို့ ဆုံးရှုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မြင်းမူမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ စခန်းကို မုံရွာ-မန္တလေး လမ်းပိုင်း ထီးဆောင်းရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စုက ဖေဖော်ဝါရီ ၇ ရက် ညသန်းခေါင်မှာ အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

“စခန်းက ညပိုင်းမှာ အလစ်အငိုက် ဝင်စီးခံလိုက်ရတာ။ ထီးဆောင်းမှာ ထိုင်နေတဲ့ (စခ)တွေက ဝင်စီးတာ။ သတင်းပေး ဒလံလည်း ရှိနိုင်တာပေါ့။ အဲဒီလို ဝင်စီးခံလိုက်ရတာမှာ ရဲဘော်တစ်ဦး ကျတယ်”

စစ်အုပ်စု ဝင်ရောက်စီးနင်းခဲ့တဲ့ စခန်းမှာ စစ်ကိုင်းခရိုင် PDF အမှတ် ၆ တပ်ရင်းရဲ့ ရဲဘော်တွေ ရှိနေပြီး စခန်း စီးနင်းခံရချိန် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။

PDF စခန်း စီးနင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်းဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပေမဲ့ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ ဝမ်းနည်းခြင်း အနက်ရောင် profile ပုံ ပြောင်းလဲထားပြီး “RIP, our Hero” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

စခန်းစီးနင်းခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး MFP အနေနဲ့ စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်းဘက်ကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်း စီးနင်းခံရမှုဖြစ်စဉ်မှာ PDF ရဲဘော် တစ်ဦး ကျဆုံးပြီး ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရကာ သေနတ် လေးလက်နဲ့ ခဲယမ်းတွေ အပါအဝင် ကားတစ်စီး ဆုံးရှုံးခဲ့တာကြောင့် ကျပ်သိန်း ၂၀၀၀ နီးပါး ဆုံးရှုံးမှုရှိနိုင်တယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်းဟာ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ချောင်းဦး၊ အရာတော်၊ မြင်းခြံ စတဲ့ မြို့နယ်တွေမှာ စစ်ရေးလုပ်ရှားပြီး မဟာမိတ် တော်လှန်ရေးတပ်တွေနဲ့အတူ စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေတဲ့ တပ်ရင်းတစ်ခုလည်း ဖြစ်ပါတယ်။

မြင်းမူမြို့နယ်ထဲမှာ စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုး လူသတ်၊ လုယက်မီးရှို့တာ၊ လေကြောင်း ဗုံးကြဲတာတွေ မကြာခဏ ကျူးလွန်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းခရိုင် PDF အမှတ် ၆တပ်ရင်း ရဲဘော်တချို့ကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်း

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button