ဝက်လက်အရှေ့ခြမ်း စစ်အုပ်စု အင်အားသုံး စစ်ကြောင်းထိုး၊ PDF စခန်းတချို့ လက်လွှတ်ရ၊

မှူးအိန်ဂျယ်လ်/MFP၊ ဖေဖော်ဝါရီ – ၁၀
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းကို ဒီမနက်ပိုင်း အာဏာသိမ်း စစ်အုပ်စုက အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားပြီး PDF စခန်းတချို့ လက်လွှတ်လိုက်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက် ဒီနေ့ မနက် ၄ နာရီဝန်းကျင်မှာ စစ်အုပ်စု အင်အား ၃၀၀ ခန့်နဲ့ ဝက်လက်နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး သစ်ဆိမ့်ရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
“မနေ့ညက (ဒီနေ့မနက် ၄ နာရီ) စစ်ကြောင်း စွတ်ဝင်လာတာပါ။ စကစ စစ်ကြောင်း ဝင်လုံးတာကြောင့် ကျွန်တော်တို့ဘက်က အပိုင်းတချို့၊ ပွိုင့်တချို့ကို ယာယီ ပေးလိုက်ရတာ ရှိပါတယ်။ ဒီမနက်ပိုင်းမှာတော့ စစ်အုပ်စုက သစ်ဆိမ့်ရွာထဲကို ဝင်နိုင်ခဲ့ပြီး အချို့နေရာတွေမှာ ထိတွေ့မှုတွေ ဆက်ရှိနေပါတယ်။ အခုအချိန် အထိတော့ (မွန်းလွဲ ၁၂ နာရီခွဲ) အခြေအနေ နည်းနည်း အေးနေပြီး။ မနေ့ည တိုက်ပွဲက ကျည်ပေါက်တာတွေ ရှိပေမယ့် အထိအခိုက် မရှိပါဘူး”
စစ်အုပ်စုက ညအချိန်မတော် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့တာကြောင့် တော်လှန်ရေး တပ်ဖွဲ့တွေဟာ စခန်းတချို့ကနေ ယာယီ ဆုတ်ခွာ ပေးလိုက်ရတာ ဖြစ်ပြီး၊ တိုက်ပွဲအတွင်း အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဘက်မှာ လူနာ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့ မနက် ၉ နာရီဝန်းကျင်မှာ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ထုံးဘိုရွာ၊ ရှားကွဲရွာ၊ ရေကမိုးရွာတွေမှာ ရောက်ရှိနေတဲ့ စစ်အုပ်စု စစ်ကြောင်းတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းကား ပစ်ခတ်ပြီး သစ်ဆိမ့်ရွာအတွင်း ဝင်ရောက် စီးနင်းနေတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် Wetlet Informational Network က အသိပေး ထုတ်ပြန်ထားပါတယ်။
ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာ စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကူကြီး၊ ရေကမိုး၊ မင်းရွာတောင်၊ ရေလည်မော်၊ ရွာသာ၊ နတ်မော်ဦး၊ အင်ဒေါင်း၊ လှေပို့ဆိပ်၊ ရွာသစ်နဲ့ ကမ်းဖြူ စတဲ့ ကျေးရွာ ၁၄ ရွာက ဒေသခံတွေဟာ နှစ်လကျော်ကြာ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စားသောက် နေထိုင်ရေး အခက်အခဲတွေ ကြုံနေရပါတယ်။
စစ်အုပ်စုဟာ ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက အင်အား ၃၀၀ ကျော်နဲ့ ဝက်လက်နယ် အရှေ့ခြမ်း၊ ဧရာဝတီ မြစ်ရိုးတလျှောက် ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လုယက်မှု၊ မီးရှို့မှုတွေနဲ့ ပြည်သူကို ရန်ပြုသတ်ဖြတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေပါ ဆက်လက် လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ နှစ်လတာအတွင်း ဝက်လက်နယ် အရှေ့ခြမ်း ကျေးရွာတွေကို စစ်အုပ်စုက အကြိမ်ကြိမ် ဗုံးပတ်ကြဲလို့ ရဟန်းသံဃာနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၃၀ ကျော် သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဝက်လက်နယ်ထဲ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – ဒေသခံ တော်လှန်ရေးတပ်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



