အီသာရမ်/MFP ၊ ဖေဖော်ဝါရီ-၁၀
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် လေးစီးနဲ့ ဗုံးကြဲလို့ အိုးအိမ်တွေ ပျက်စီးကာ ပြည်သူ ၁၀ ဦးခန့် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူတွေလည်း များတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက် ဒီနေ့ မနက် ၁၀ နာရီခန့်မှာ ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်လေးစီးနဲ့ ပေါင် ၅၀၀ ဗုံးတွေ အပါအဝင် ၁၀ကြိမ်ခန့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုက ကျေးရွာထဲရှိ နေအိမ်တွေကို အဓိက ပစ်မှတ်ထားတာ ဗုံးပတ်ကြဲခဲ့တာဖြစ်ပြီး ဗုံးတွေ ကျရောက် ပေါက်ကွဲတာကြောင့် ပြည်သူ ၁၀ ဦး ထက်မနည်း သေဆုံးတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဖိုက်တာ သုံးစီးနဲ့ကို ကြဲသွားတာ၊ ကနဦးသိရတာကတော့ ၁၀ ဦး သေဆုံးလို့ ပြောရမယ်၊ ထိခိုက် ဒဏ်ရာရသူတွေလည်း များတယ်”
မကွေးမြို့ လေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်တွေနဲ့ ကျေးရွာပေါ် ဗုံးပတ်ကြဲတာ ဖြစ်ပြီး တိုက်လေယာဉ် သုံးစီး မဟုတ်ဘဲ လေးစီးနဲ့ ၁၀ကြိမ်ထက်မနည်း ဗုံးပတ်ကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲခံရလို့ ထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်ပျက်စီးမှု အသေးစိတ် အချက်အလက်တွေကို MFP က ဆက်လက် စုံးစမ်းနေဆဲ ဖြစ်ပါတယ်။
ချက်ကန်ကျေးရွာဟာ ပေါက်မြို့နယ် တောင်ပိုင်းမှာရှိပြီး အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ရွာကြီး ဖြစ်ပါတယ်။
ချက်ကန်ရွာမှာ တိုက်ပွဲမရှိဘဲ စစ်အုပ်စုက လာရောက် ဗုံးကြဲတာဖြစ်ပြီး ဒီဒုတ်ကွင်း ပျူစောထီးရွာနဲ့ ချက်ကန်ရွာဟာ ရွာနီးချင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ် အပါအဝင် မကွေးတိုင်းထဲ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ထင်တိုင်းကျဲ ဗုံးပတ်ကြဲနေတာဖြစ်ပြီး ဖေဖေါ်ဝါရီ ၉ရက် မနေ့ကလည်း ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ညောင်အုပ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့ပါသေးတယ်။
၂၀၂၅ ဇန်နဝါရီလကနေ ဒီဇင်ဘာလထိ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၆ ဦး သေဆုံးကာ ၄၁၄၆ ဦး ထိခိုက်ဒဏ်ရာ ရပြီး နေအိမ် ၃၅၇၆ လုံး၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၂ လုံး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၆ လုံးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ထိခိုက် ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က သတင်းထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှု ၄,၇၅၀ ကြိမ် ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅,၁၈၈ ဦး သေဆုံးကာ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ (လူနေအိမ် မပါဝင်) ၁,၂၇၂ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ NUG က ဆိုပါတယ်။
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ချက်ကန်ကျေးရွာကို ဖေဖေါ်ဝါရီ ၁၀ရက် မနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ် လေးစီးနဲ့ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရသူတွေကို တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



