မန္တလေးသတင်းအညာမြေ တော်လှန်ရေး

နွားထိုးကြီးမှာ စစ်အုပ်စုက ရွာ ၁၂ ရွာ မီးရှို့ဖျက်ဆီး၊ အမျိုးသမီး လေးဦးကို အဓမ္မပြုကျင့်၊

မီးရှို့ပြီး ပြန်မထွက်ဘဲ ရွာထဲ အထိုင်ချတပ်စွဲလို့ ရွာ ၄၀ ကျော် ထွက်ပြေးနေရ၊

MN/MFP ၊ ဖေဖော်ဝါရီ – ၁၀

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ဇန်နဝါရီ လကုန်ပိုင်းက စတင်ကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၂ ရွာကို မီးရှို့ဖျက်ဆီးကာ ဖမ်းမိတဲ့ပြည်သူ အမျိုးသမီး လေးဦးကိုလည်း အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

နွားထိုးကြီးနယ် မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်အုပ်စု အင်အား ၅၀၀ ကျော်နဲ့ စစ်ကြောင်းတွေ ဖြန့်ခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးမီးရှို့နေတာ ဖြစ်ပြီး မင်းရွာနဲ့ မြဝတီကျေးရွာတွေက အမျိုးသမီး လေးဦးကို အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခု နွားထိုးကြီး မြောက်ခြမ်းဘက်မှာကတော့ စစ်ကြောင်းတွေက အများကြီးပဲဗျ။ မီးရှို့ခံရတဲ့ ရွာတွေ ကလည်း များတယ်။ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေလည်း ရှိတယ်။ (စစ်အုပ်စု) မုဒိမ်းကျင့်သွားတာကတော့ မင်းရွာက အမျိုးသမီး တစ်ယောက်၊ မြဝတီရွာမှာက အမျိုးသမီး သုံးယောက် ကျင့်ခံလိုက်ရတယ်။ ဒီနေ့လည်း စစ်ကြောင်းက ရွာတွေထဲမှာ ဆက်ရှိနေတုန်းပဲ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ယခု ဖေဖေါ်ဝါရီလဆန်းပိုင်းမှာ အဲ့ဒီ မင်းရွာနဲ့ မြဝတီရွာကို စစ်ကြောင်းထိုး၊ စီးနင်းလုယက်၊ မီးရှို့တဲ့ စစ်အုပ်စုစာ ရွာခံပြည်သူတချို့ကို ဖမ်းမိချိန် အမျိုးသမီးလေးဦးကို အဓမ္မပြုကျင့်တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ နွားထိုးကြီးနယ်မြောက်ခြမ်းရှိ မင်းရွာ၊ ကြာကန်၊ ခံစပ်ကုန်းအရှေ့ရွာနဲ့ အနောက်ရွာ၊ ကုက္ကိုလ်ကုန်း၊ ငှက်ပျောအိုင်၊ ကဒေါင်း၊ သာပေါင်း၊ ညောင်ဇင်၊ ဝက်လူး၊ ကျွန်းဒေါင့်၊ မြဝတီ စတဲ့ ကျေးရွာ ၁၂ ရွာကို မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ရာနဲ့ချီတဲ့ ပြာကျပျက်စီးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မီးရှို့ခံရတဲ့ ကျေးရွာတွေက အတော်လေး များတယ်။ ပြီးခဲ့တဲ့ ရက်က ဝက်လူး(ရွာ)မြောက်ဘက်က ကျွန်းဒေါင့်နဲ့ မြဝတီရွာတွေဆိုရင် မီးလည်းရှို့သလို မီးလောင်ဗုံးတွေပါ ချသေးတာ။ နောက်ပြီး ညောင်ဇင်ရွာ ကိုလည်း ဒရုန်းတွေနဲ့ချပြီး မီးတွေရှို့တယ်။ မီးရှို့ခံရတဲ့ရွာတွေ အိမ်ခြေစာရင်းတွေတော့ လောလောဆယ် မသိရသေးဘူး။ စစ်ကြောင်းတွေကလည်း နွားထိုးမြောက်ခြမ်းက ကျေးရွာ အတော်များများမှာ ရှိနေသေးတယ်။ ဒီနေ့လည်း ဝက်လူးစခန်းက ထပ်ပြီးထွက်လာတဲ့ စစ်ကြောင်းက ကံဦးရွာဘက် ရောက်နေတယ်”

နွားထိုးကြီးနယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ အိမ်တွေ မီးရှို့ဖျက်ဆီးပြီးအချိန်ထိ ရွာထဲက ပြန်မထွက်ဘဲ ကျေးရွာထဲ အထိုင်ချတပ်စွဲ နေရာယူထားတာကြောင့် ကျေးရွာ ၄၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီးနဲ့ ထိစပ်နေတဲ့ မြင်းခြံနယ်ထဲမှာလည်း စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီး အဖွဲ့တွေက ဇန်နဝါရီလက စတင်ကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး ၁၅ရက်အတွင်း မြင်းခြံနယ် အနောက်ခြမ်း၊ မြစ်ရိုးတလျှောက်ရှိ ကျေးရွာ ခုနှစ်ရွာကို  စီးနင်း လုယက် မီးရှို့လို့ အိမ်ခြေ ၁၅၀၀ ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့ပါတယ်။

စစ်အုပ်စုဟာ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေနဲ့ ပျူစောထီးတွေကို သုံးကာ စစ်ကြောင်းထိုး၊ အထိုင်ချပြီးနောက် နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။

နွားထိုးကြီးနယ် မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်အုပ်စု စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button