ကျောက်ပန်းတောင်း ဘုရားကြီးကုန်းရွာကို စစ်အုပ်စု ၁၅ရက်အတွင်း ဒုအကြိမ် စီးနင်းလုယက်၊ မီးရှို့၊

ဒေါ်လာ/MFP၊ ဖေဖေါ်ဝါရီ – ၁၁
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးစီးနင်းကာ လုယက်၊ မီးရှို့နေတယ်လို့ သတင်းရရှိပါတယ်။
ဖေဖေါ်ဝါရီ ၁၁ရက် ဒီကနေ့ မနက်ပိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်၊ ဘုရားကြီးကုန်းကျေးရွာကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ရာ အိမ်ခြေ ၁၁လုံး ပြာကျတယ်လို့ ကျောက်ပန်းတောင်း လူငယ်ကွန်ယက်က ဖော်ပြပါတယ်။
“ရွာတောင်ဘက် လေလာရာဘက်မှ နေ့လည် ၁နာရီခွဲတွင် နေအိမ် ၁၁ လုံးကို အကြမ်းဖက် စကမမှ မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်”
ဘုရားကြီးကုန်းကျေးရွာဟာ အိမ်ခြေ ၂၀၀ ခန့် ရှိပြီး ဇန်နဝါရီ ၂၅ရက်ကလည်း စစ်အုပ်စုက အဲ့ဒီ ဘုရားကြီးကုန်းကျေးရွာကို စီးနင်းလုယက်ပြီးနောက် လေသင့်ရာ ရွာမြောက်ဘက်ပိုင်းက စပြီး နေအိမ်တွေကို မီးတင်ရှို့ ဖျက်ဆီးလို့ အိမ်ခြေ ၂၀ ကျော် ပြာကျခဲ့ပါသေးတယ်။
ဘုရားကြီးကုန်းကျေးရွာကို စစ်အုပ်စုက ၁၅ ရက်အတွင်း စစ်အုပ်စုက ဒုတိယအကြိမ် စီးနင်းလုယက် မီးရှို့တာ ဖြစ်တယ်လို့ ကျောက်ပန်းတောင်း လူငယ်ကွန်ယက်က ဆိုပါတယ်။
“မနက်ကြီး ၅:၂၀ နာရီ ကတည်းက တလိုင်းကန်၊ ငါ့သရောက်၊ ကျောင်းစု ကျေးရွာကနေ စစ်ကြောင်း ထိုးလာတာပါ။ မနေ့က မနက် ၆နာရီခွဲ အချိန် အင်းဂေါင်း၊ အင်ပင်းကြီးဘက် စစ်ကြောင်းထိုးပါတယ်”
ဒီမနက်ပိုင်း ပွေးကျစ်တိုက်နယ်အတွင်း စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ဖောကားတစ်စီး၊ ၁၀ပေတို ကားတစ်စီးနဲ့ အင်အား ၇၀ လောက်ပါတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက စလို့ ကျောက်ပန်းတောင်းနယ် အပါအဝင် ညောင်ဦးခရိုင်နဲ့ မိတ္ထီလာခရိုင်ရှိ မြို့၊ရွာတွေကို အင်အား ထောင်ချီ သုံးကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့နေတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျောက်ပန်းတောင်း၊ ငါ့သရောက်၊ မလှိုင်နဲ့ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ မဲပုံးမထောင်နိုင်တဲ့ ကျေးရွာတွေကို အဓိက ပစ်မှတ်ထားကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး နေ့စဉ်ရက်ဆက် လေကြောင်း ဗုံးကြဲနေတယ်လို့လည်း ဆိုပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – ကျောက်ပန်းတောင်းလူငယ်ကွန်ရက်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



