မန္တလေးသတင်းအညာမြေ တော်လှန်ရေး

တကောင်းမြို့ဘက် စစ်အုပ်စု ဦးတည် စစ်ကြောင်းထိုးလို့ တွင်းငယ်ရွာအနီး တိုက်ပွဲပြင်းထန်၊

စစ်အုပ်စုက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးပတ်ကြဲလို့ နေအိမ်တွေ မီးလောင်၊

ထင်လင်း/MFP၊ ဖေဖေါ်ဝါရီ – ၁၁

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ဘက် ဦးတည်ကာ အာဏာသိမ်း စစ်အုပ်စုက စစ်ကြောင်းထိုးလို့ တွင်းငယ်ကျေးရွာအနီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မိုးကုတ်မြို့တွေ အပါအဝင် မန္တလေး – မိုးကုတ် ကားလမ်းကို စစ်အုပ်စုက ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် သပိတ်ကျင်းနယ်ထဲရှိ စစ်ရှုံးနယ်မြေတွေ ဖြစ်တဲ့ တကောင်းမြို့ဘက်ဆီ ဆက်လက် စစ်ကြောင်းထိုးဖို့ ကြိုးစားတာလို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာအနီးရှိ တတက-၁၃ ခေါ် အမှတ် ၁၃ စစ်တန်းမြင့် လေ့ကျင့်ရေး ကျောင်းထဲ တစ်နှစ်ကျော်ကြာ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ ဖေဖော်ဝါရီ ၆ရက်က စပြီး စစ်ကြောင်းထိုး လာတာကြောင့် အဲ့ဒီနေရာတဝိုက် နှစ်ဘက်တိုက်ပွဲတွေ ရက်ဆက် ပြင်းထန်နေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၆ရက်က စတင်ကာ ဒီကနေ့အထိ တွင်းငယ်ရွာနဲ့ တတက ၁၃ တဝိုက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စုက အရပ်သားတွေရှိတဲ့ ကျေးရွာတွေကိုပါ ဒရုန်းတွေနဲ့ ဗုံးပတ်ကြဲလို့ နေအိမ်တွေ မီးလောင်ကာ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သပိတ်ကျင်း ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

“မီးလောင်ဒရုန်း ချတာ၊ ရှားတော(ရွာ)က အိမ်တချို့ မီးလောင်တယ်၊ လူတွေတော့ ဘာမှ မဖြစ်ဘူးတဲ့၊ ရှားတောကတော့ ရှောင်ကြပြီ”

သပိတ်ကျင်းမြို့နယ်အတွင်း သပိတ်ကျင်းမြို့နဲ့ တကောင်းမြို့ အပါအဝင် စစ်အုပ်စု ထိမ်းချုပ်ရာ နယ်မြေတွေနဲ့ တပ်စခန်းတွေကို ၂၀၂၄ ဇူလိုင်နဲ့ ဩဂုတ်လအတွင်းမှာ တော်လှန်ရေး အင်အားစုတွေက သိမ်းယူ ထိမ်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သပိတ်ကျင်းနယ် တွင်းငယ်ရွာအနီးရှိ တတက ၁၃ နဲ့ ၇မိုင်ရွာအနီးရှိ ကျောက်ကြီးနည်းပညာတပ်တွေကို အပြီးသတ် သိမ်းပိုက်နိုင်ရေး တော်လှန်ရေး တပ်တွေက ဆက်လက် ထိုးစစ်ဆင်နေချိန် စစ်အုပ်စုက တရုတ်အားကိုးနဲ့ ၂၀၂၅ မှာ တန်ပြန် ထိုးစစ်ဆင်လာနိုင်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လမှာ သပိတ်ကျင်းမြို့ကို ပြန်ရသွားသလို စဉ့်ကူးနဲ့ မိုးကုတ်မြို့တွေကိုပါ ပြန်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ သပိတ်ကျင်းမြို့နယ် တောင်ဘက်ခြမ်းဖြစ်တဲ့ မန္တလေး – မိုးကုတ် ကားလမ်းတလျှောက် မြို့၊ရွာတွေကို စစ်အုပ်စု ပြန်သိမ်းယူနိုင်ပြီးနောက် သပိတ်ကျင်းနယ် မြောက်ဘက်ခြမ်းရှိ တကောင်းမြို့ အပါအဝင် လက်ကျန် စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ဆက်လက်ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင် ထွက်ပြေးတဲ့ ပြည်သူတွေကို လိုက်လံ ဗုံးကြဲသတ်ဖြတ်ကာ မူလနေရပ် မြို့၊ရွာတွေဆီ ပြန်လည် ဝင်ရောက်နေထိုင်ကြဖို့ အကြပ်ကိုင် ခြိမ်းခြောက်နေပြီး ပြန်လည် သိမ်းယူထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ နှဟ်လယ်ပိုင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ တွင်းငယ်ကျေးရွာကိုလည်း စစ်အုပ်စုက လေကြောင်းနဲ့ ဒရုန်းသုံးကာ ဗုံးကြဲ၊ လက်နက်ကြီး ထု၊ ကျေးရွာထဲ အလစ်အငိုက်ချောင်း ခိုးဝင်ပြီး လုယက်၊ မီးရှို့ဖျက်ဆီးလို့ တွင်းငယ်ရွာလုံးကျွတ် မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက သပိတ်ကျင်းမြို့ကို ပြန်ရပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စုကို တွေ့ရစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button