မန္တလေးသတင်း

မန္တလေးမှာ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုပိုင်ရှင် NTL ကုမ္ပဏီကို စစ်အုပ်စု တရားစွဲဟုဆို၊

ကွန်ဒိုပြိုပြီး ၁၀ လကြာအထိ NTL က တိုက်ခန်းပိုင်ရှင်တွေကို တာဝန်ယူဖြေရှင်းပေးတာ မရှိသေး၊

ဂျီဂျီ/MFP ၊ ဖေဖော်ဝါရီ – ၁၂

ငလျင်လှုပ်ခတ်ချိန် ကွန်ဒိုပြိုကျမှုကြောင့် လူအသေအပျောက်အများဆုံးနဲ့ အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့တဲ့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ NTL ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးနိုင်ထွန်းလင်းကို စစ်အုပ်စုက တရားစွဲထားတယ်လို့ သတင်းကြားကြောင်း တိုက်ခန်းဝယ်ယူထားသူတွေက MFP ကို ပြောပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ စစ်အုပ်စုရဲ့ အမှတ် ၁ ရဲစခန်းမှာ ပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့်ပြီး တရားစွဲတင်တယ်လို့ သတင်းကြားကြောင်း Sky Villa ကွန်ဒို တိုက်ခန်းပိုင်ရှင်တွေက ဆိုပါတယ်။

“သတင်းထွက်လာမှ သိကြရတာပါ။ ပြောရရင် ကုမ္ပဏီဘက်က ဘာမှ အရေးတယူ ပြောဆိုတာမျိုး မရှိပါဘူး” လို့ တိုက်ခန်းပိုင်ရှင်တစ်ဦးက MFP ကိုပြောပါတယ်။

ပုဒ်မ ၃၀၄(က) အရ “မည်သူမဆို ရာဇဝတ်ပြစ်ဒဏ်မကင်းသည့် လူ့အသက်သေစေမှု အဖြစ်ဖြစ်စေ၊ သေဒဏ် ထိုက်သင့်သည့် မှုပြစ်အဖြစ်ဖြစ်စေ၊ ပြစ်ဒဏ်မစီရင်ထိုက်သော အမှုအရာတစုံတရာကို မဆင်မခြင်၊ သို့မဟုတ် ပေါ့ပေါ့စားစားပြုလုပ်ခြင်းဖြင့်၊ လူတဦးတယောက်ကိုသေစေလျှင်၊ ၎င်းသူကို နှစ် နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်စေမည်။ သို့သော်လည်း ၎င်းအမှုအရာကို သေစေရန်အကြောင်း လက္ခဏာရှိကြောင်းသိလျက်နှင့် ပြုလုပ်လျှင်၊ ထောင်ဒဏ်ကို ၁၀ နှစ်ထိ တိုးမြှင့် စီရင်နိုင်သည်”လို့ ၁၉၄၇ ခုနှစ်၊ ရာဇသတ်ကြီးဥပဒေမှာ ပြဌာန်းထား ပါတယ်။

၂၀၂၅ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့၊ နန်းရှေ့၊ ရေစစ်ကန်အနီးရှိ Sky Villa ကွန်ဒို ပြိုကျခဲ့တာပါ။ ကွန်ဒိုဟာ ၁၁ ထပ်အမြင့်ရှိပြီး အဆောင် လေးဆောင် ပါဝင်ပါတယ်။ ငလျင်ဒဏ်ကြောင့် A အဆောင်မှာ ငါးထပ် ပြိုကျပျက်စီးခဲ့ပြီး ကျန်အဆောင်တွေကတော့ လုံးဝ ပြိုကျပျက်စီးသွားခဲ့တာလည်း ဖြစ်ပါတယ်။

Sky Villa ကွန်ဒိုပြိုကျမှုမှာ သေဆုံးရုပ်အလောင်း ၂၀၆ ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး အလောင်းရှာမတွေ့တဲ့ သေဆုံးသူတွေလည်း ရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“သူ့ကိုစွဲတဲ့ ပုဒ်မ ၃၀၄(က)ဆိုတာ လူသေစေမှု။ အဲ့လောက်ကြီး ပြင်းထန်တဲ့ ပုဒ်မတော့ မဟုတ်ဘူး။ တစ်ခုတော့ ရှိပါတယ်။ သေတဲ့သူက ၂၀၆ ယောက်လို့ ပြောတယ်။ တကယ်သေတာက ၂၀၆ ယောက်မှ မဟုတ်တာ၊ ကျွန်တော်ဆို မိသားစုဝင် အလောင်းတောင် ပြန်မရဘူး။ ပျောက်တဲ့သူတွေဆို စာရင်း ဖျောက်ထားတာ။ အလောင်းက ၂၀၆ ယောက် တွေ့တာ။ တကယ်သေတာက အဲ့လောက်မကဘူး။ လုံးဝကို ရှာမရတဲ့သူတွေ ရှိတယ်။ အစအနကို မရှိတော့ဘူး။ (သေဆုံးသူ)တစ်ယောက်ကို နှစ် နှစ်ဆိုရင် ၂၀၆ နဲ့မြှောက်ပြီး (ထောင်)ချမှာလား”လို့ ကွန်ဒိုပြိုကျမှုကြောင့် မိသားစုဝင်အလောင်း ပြန်မရတဲ့ တိုက်ခန်းပိုင်ရှင် တစ်ဦးက MFP ကို ပြောပါတယ်။

မိသားစုဝင်တွေ သေဆုံးရသလို ပစ္စည်းဥစ္စာဆုံးရှုံးခဲ့ရတဲ့ တိုက်ခန်းပိုင်ရှင်တွေအနေနဲ့ ကွန်ဒို ဆောက်လုပ်ရေး ကုမ္ပဏီ NTL ကို တရားစွဲဆိုဖို့ စီစဉ်ခဲ့ကြပါသေးတယ်။

သဘာဝဘေးကြောင့် တရားစွဲလို့ မရဘူးဆိုပြီး နို့တစ်စာနဲ့ အကြောင်းပြန်ကြားခဲ့တာကို လက်ခံရရှိခဲ့သလို တိုက်ခန်းပိုင်ရှင်တွေအနေနဲ့ တရားစွဲဖို့ မလိုအပ်ဘူးဆိုပြီး အကြောင်း ပြန်ကြားတယ်လို့ ကွန်ဒိုမှာ နေထိုင်ခဲ့သူတချို့က ပြောပါတယ်။

“ရုံးမှာ သွားစွဲတုန်းက သူတို့က ပြောတာ။ ဒီအမှုက နိုင်ငံတော်က (တရား)စွဲမှာ။ ကျွန်တော်တို့ဘက်က (တရား) စွဲစရာ မလိုဘူး။ စစ်ဆေးပြီးရင် စွဲမယ်ဆိုပြီး ပြောတယ်”လို့ တိုက်ခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

တိုက်ခန်းပိုင်ရှင်အချို့ကတော့ ကုမ္ပဏီအနေနဲ့ တရားစွဲခံရလို့ ထောင်ကျတာထက် ငလျင်ဒဏ် ခံနိုင်ပါတယ်ဆိုပြီး အာမခံကာ ရောင်းချထားတဲ့ ကွန်ဒိုနဲ့ပတ်သက်ပြီး ဖြေရှင်းပေးစေချင်တယ်လို့ ဆိုကြပါတယ်။

“(တိုက်ခန်းပိုင်ရှင်) အများသဘောတူတဲ့အတိုင်း လုပ်ပေးပါဆိုပြီး တောင်းဆိုထားတယ်။ တိုက်ခန်းတန်ဖိုး လျော်တယ်။ မလျော်ဘူးဆိုတာထက် အများလျော်ဆိုရင် လျော်ပေးလိုက်ပေါ့နော်။ မလျော်ဘူး၊ ပြန်ဆောက်မယ် ဆိုရင်လည်း ကျွန်တော်တို့က ပိုက်ဆံသွင်းရမှာ။ ဒါကို သူတို့ရဲ့ ဆရာသမားက ခေါ်ပြီး စစ်ဆေးခံနေရလို့ ဦးဆောင်မယ့်သူ မရှိပါဘူး ဆိုပြီးတော့ပဲ အကြောင်းပြန်နေတာ”လို့ တိုက်ခန်းပိုင်ရှင်အမျိုးသား တစ်ဦးက MFP ကို ပြောပါတယ်။

ကွန်ဒိုပြိုကျမှုကြောင့် သေဆုံးသူတွေအတွက် ၂၀၂၅ စက်တင်ဘာလမှာ တစ်ဦးကို ကျပ်သိန်း ၁၀၀ နှုန်းနဲ့ စုစုပေါင်း ၁၄၈ ဦးအတွက် ထောက်ပံ့ကြေး ပေးအပ်ခဲ့တယ်လို့ NTL ကုမ္ပဏီက သတင်း ထုတ်ပြန်ထားပါတယ်။

သေဆုံးသူ ရုပ်အလောင်း ၂၀၆ ဦး တွေ့ရှိထားပြီး သေဆုံးသူတချိုု့ရဲ့ မိသားစုတွေဟာ ကရုဏာ ထောက်ပံ့ကြေး မယူကြသေးဘူးလို့ မိသားစုဝင် ဆုံးရှုံးထားသူတွေက MFP ကို ပြောပါတယ်။

ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီအနေနဲ့ ကရုဏာကြေး ပေးအပ်တာကလွဲလို့ တိုက်ခန်း ပိုင်ရှင်တွေကို တခြားသောနည်းလမ်းနဲ့ တာဝန်ယူဖြေရှင်းပေးတာ မရှိသေးဘူးလို့ တိုက်ခန်းပိုင်ရှင်တွေက ပြောပါတယ်။

NTL ဆောက်လုပ်ရေးကုမ္ပဏီအနေနဲ့ Sky Villa ကွန်ဒို ပြိုကျခဲ့ပေမယ့် တခြားသော ဆောက်လုပ်ရေး လုပ်ငန်းတွေကို ဆက်လက် တည်ဆောက် လုပ်ငန်းလည်ပတ်နေတယ်လို့လည်း ဆိုပါတယ်။

Sky Villa ကွန်ဒို ဆောက်လုပ်ရမှာ NTL ကုမ္ပဏီနဲ့အတူ လက်ရှိ စစ်အုပ်စုခန့် မန္တလေးတိုင်းဝန်ကြီးချုပ်၊ ယခင် စည်ပင်ဝန်ထမ်းဟောင်း ဦးမျိုးအောင် က တာဝန်ခံ အင်ဂျင်နီယာ (PE)အဖြစ် တာဝန်ယူ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး တာဝန်ခံ အင်ဂျင်နီယာ ဦးမျိုးအောင်ကို အရေးယူ၊ မယူ ဆိုတာကိုတော့ စစ်အုပ်စုက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

၂၀၂၅ မတ်လ ၂၈ရက်က စစ်ကိုင်းနဲ့ မန္တလေးမြို့အနီး ဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား  ဒဿမ ၇ ရစ်ချ်တာစကေးရှိတ့ ငလျင်ကြောင့် နိုင်ငံတဝန်း လူဦးရေ အနည်းဆုံး ၅၀၀၀ သေဆုံးကာ အိုးအိမ်၊ လမ်းတံတားနဲ့ အဆောက်အအုံ ထောင်သောင်းချီကာ ပျက်စီးခဲ့ပါတယ်။

Grand Aung Thar Yar ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တွေ့ရတဲ့ N.T.L ကုမ္မဏီပိုင်ရှင် ဦးနိုင်ထွန်းလင်း နဲ့ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒို/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button