ဒီပဲယင်း ဘုတ္ထန်းရွာ တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲခံရလို့ ပြည်သူ သေဆုံး၊ အိမ်ခြေ ၃၀ ပျက်စီး၊
မြောင်မှာလည်း စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ပြည်သူ သုံးဦး ဒဏ်ရာရ၊ အိမ်ခြေ ၁၀ လုံး ပျက်စီးကာ ကျွဲနွားတွေ သေဆုံး၊
ဒေါ်လာ၊ MN/MFP၊ ဖေဖေါ်ဝါရီ – ၁၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ဘုတ္ထန်းကျေးရွာကို မနေ့က ညဦးပိုင်းအချိန် စစ်အုပ်စုက အကြောင်းမဲ့ တိုက်လေယာဉ်နှစ်စီးနဲ့ ရွာပေါ် ဗုံးပတ်ကြဲလို့ ရွာခံပြည်သူ တစ်ဦး သေဆုံးကာ အိမ်ခြေ ၃၀ ကျော် ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖေဖေါ်ဝါရီ ၁၁ရက် ည ၉နာရီကျော်အချိန်မှာ မန္တလေးမြို့ တံတားဦးလေဆိပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်တွေနဲ့ ဒီပဲယင်းနယ် ဘုတ္ထန်းကျေးရွာပေါ် ဗုံးပတ်ကြဲတာလို့ ဆိုပါတယ်။
ဗုံးထိမှန်လို့ ဘုတ္ထန်းကျေးရွာနေ အသက် ၃၇နှစ်အရွယ် ပြည်သူ အမျိုးသားတစ်ဦး သေဆုံးပြီး နေအိမ် သုံးလုံး မီးလောင်၊ အိမ်ခြေ ၁၀လုံးက တစစီလွင့်စင် ပျောက်ကွယ်သွားကာ နောက်ထပ် အိမ်ခြေ ၁၆ လုံး ပျက်စီးတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်း ထုတ်ပြန်ပါတယ်။
“အကြမ်းဖက် စကမအနေဖြင့် လေကြောင်းမှ ပြည်သူများ နေထိုင်သော ကျေးရွာများ၊ လူစုလူဝေးများ၊ စစ်ရှောင်နေရာများအား ပစ်မှတ်ထား တိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေပါသဖြင့် ပြည်သူများ အနေဖြင့် စကမ၏ လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက် သတိပြုကြပြီး၊ လေကြောင်းအန္တရာယ်ဆိုင်ရာ အသိ၊ သတိ အမြဲရှိကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်” လို့ ဒီပဲယင်း ပအဖ က ဖော်ပြပါတယ်။
ဒါ့အပြင် မနေ့က မွန်းလွဲပိုင်းအချိန် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မြောက်ခြမ်းရှိ ဇရပ်ကုန်းရွာကို စစ်အုပ်စုက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ တက်လာတဲ့ စက်တပ်လေထီး (Paramotor)နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး တစ်ဦး အပါအဝင် ပြည်သူ သုံးဦး ထိခိုက် ဒဏ်ရာရကာ နေအိမ် ၁၀ လုံး မီးလောင်၊ပျက်စီးပြီး ကျွဲ၊နွားတွေလည်း သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
“ပထမတစ်ခါ ဗုံးနှစ်လုံး လာကြဲသွားတာကတော့ အမျိုးသမီး တစ်ဦး ထိခိုက်ပြီးတော့ အိမ်နှစ်လုံး မီးလောင် ပျက်စီးသွားတယ်။ နွားလေးကောင်းလည်း သေသွားတယ်။ ညပိုင်းမှာ တစ်ခါ ထပ်လာ ကြဲတာကတော့ အမျိုးသား နှစ်ယောက် ထိခိုက်သွားတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေကတော့ ဗုံးစ ထိမှန်တာဆိုတော့ အရမ်းမများဘူး။ ဗုံးလာကြဲတာကတော့ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ဒီအတိုင်း လာကြဲသွားတာပါ။ မင်္ဂလာဆောင် ရှိတယ်ဆိုတာကလည်း ဗုံးကြဲသွားတဲ့ နေရာနဲ့ တခြားဆီပါ။ ဗုံးလာကြဲသွားတာက ရွာမြောက်ပိုင်းပါ”လို့ ဇရပ်ကုန်းရွာခံက MFP ကို ပြောပါတယ်။
မြောင်နဲ့ ချောင်းဦးမြို့နယ်အစပ်မှာ တည်ရှိတဲ့ ဇရပ်ကုန်းရွာဟာ အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ ကျေးရွာကြီး ဖြစ်ပြီး ယခင်ကလည်း စစ်အုပ်စုရဲ့ အကြိမ်ကြိမ် ဗုံးကြဲတာကို ခံခဲ့ရပြီး ၂၀၂၄နဲ့ ၂၀၂၅ အတွင်း ဇရပ်ကုန်းရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ ရွာခံပြည်သူ ၁၀ ဦးကျော် သေဆုံးကာ ၂၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။
ဒီပဲယင်းနယ် ဘုတ္ထန်းကျေးရွာကို စစ်အုပ်စုက အကြောင်းမဲ့ ဗုံးပတ်ကြဲလို့ နေအိမ် ၃၀ ကျော် ပျက်စီးကာ ပြည်သူတစ်ဦး သေဆုံးခဲ့စဉ်/Photo – ဒီပဲယင်း ပအဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



