မန္တလေးမြို့ခံ ၇၀ ကျော် အပါအဝင် မန္တလေးနဲ့ မကွေးတိုင်းက PDF ၁၅၀ ဘက်ပြောင်းဟုဆို၊
ဘက်ပြောင်းကြေး တစ်ယောက်ကို ကျပ်တစ်သိန်းနှုန်း ပေးတယ်လို့ စစ်အုပ်စု ပြော၊
မန္တလေးမှာ စစ်အုပ်စုက နေ့စဉ်ပေါ်တာဆွဲ စစ်သားသစ် စုနေ၊
ဒေါ်လာ/MFP၊ ဖေဖေါ်ဝါရီ – ၁၃
မန္တလေးမြို့ပေါ် ရပ်ကွက်တွေက လူ ၇၀ ကျော် အပါအဝင် မန္တလေးတိုင်းနဲ့ မကွေးတိုင်း အနှံ့အပြားကနေ PDF ၁၅၀ ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ အာဏာသိမ်း စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
PDF ၁၅၀ ဦး ဘက်ပြောင်းခိုလှုံလာတဲ့အတွက် ဖေဖေါ်ဝါရီ ၁၃ရက် ဒီကနေ့ မနက်ပိုင်း မန္တလေးမြို့၊ နန်းတွင်းရှိ စစ်အုပ်စု အခြေပြုရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ မှာ အခမ်းအနားလုပ်ပြီး လက်ခံကာ မိဘအုပ်ထိန်းသူထံ ပြန်လွှဲအပ်ခဲ့တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
စစ်အုပ်စုထံ ဘက်ပြောင်းခိုလှုံလာသူ PDF ၁၅၀ ဦးဟာ အောင်မြေသာစံမြိုနယ်က အမျိုးသား ၁၂ဦးနဲ့ အမျိုးသမီး သုံးဦး၊ ပြည်ကြီးတံခွန်မြိုနယ်က အမျိုးသား ၃၈ဦးနဲ့ အမျိုးသမီး သုံးဦး၊ အမရပူရမြိုနယ်က အမျိုးသား ၁၃ဦးနဲ့ အမျိုးသမီး နှစ်ဦး၊ သပိတ်ကျင်းမြိုနယ်က ၂၉ ဦး၊ စဉ့်ကူးမြိုနယ်က သုံးဦး၊ မိုးကုတ်မြိုနယ်က တစ်ဦး၊ စဉ့်ကိုင်မြိုနယ်က ၁၂ ဦး၊ တံတားဦးမြိုနယ်က ခုနှစ်ဦး၊ နွားထိုးကြီးမြိုနယ်က ငါးဦး၊ တောင်သာမြိုနယ်က နှစ်ဦး၊ ငါန်းဇွန်မြိုနယ်က တစ်ဦး၊ ညောင်ဦးမြိုနယ်က လေးဦး၊ မကွေးတိုင်း ချောက်မြိုနယ်က လေးဦး၊ ပွင့်ဖြူမြိုနယ်က ခုနှစ်ဦး၊ စလင်းမြိုနယ်က နှစ်ဦး၊ စေတုတ္တရာမြိုနယ်က လေးဦး၊ အောင်လံမြိုနယ်က တစ်ဦး၊ သရက်မြိုနယ်က တစ်ဦးနဲ့ မင်းတုန်းမြိုနယ်က သုံးဦး ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုထံ ဘက်ပြောင်းလာသူတွေကို ဘက်ပြောင်းကြေး တစ်ယောက်ကို ကျပ်တစ်သိန်းနှုန်း ပေးအပ်ပြီး လက်နက် ရိုင်ဖယ် သေနတ်တစ်လက်ကို ကျပ်သိန်း ၅၀၊ လက်လုပ်သေနတ် ၁၀ သိန်း၊ RPG တစ်လက် ၇၅သိန်း၊ ဗုံးတစ်လုံး သုံးသိန်း၊ စကားပြောစက်တစ်လုံး နှစ်သိန်းနှုန်း ပေးအပ်ခဲ့တယ်လို့လည်း စစ်အုပ်စုက ဆိုပါတယ်။
စစ်အုပ်စုဟာ ဘက်ပြောင်းလာသူတွေကို ဆုကြေးပေးကာ မိဘထံ ပြန်အပ်တယ်ဆိုပေမယ့် သူတို့ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းယူနေတဲ့အချိန်သာ မိဘထံ ပြန်အပ်ပြီး နောင်မှာ အချိန်ပြည့် စောင့်ကြည့်တာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်လေ့ရှိတယ်လို့ ကိုယ်တိုင်ကြုံဖူးတဲ့ မြင်းခြံနယ်ခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုဟာ မန္တလေးမြို့ပေါ် ရပ်ကွက်တွေထဲ လှည့်လည် ပေါ်တာဆွဲနေပြီး အတုအယောင် ရွေးကောက်ပွဲအပြီး ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ ပိုမို ဆိုးရွားလာတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
ဇန်နဝါရီလဆန်းကနေ ဖေဖေါ်ဝါရီ ၁၀ရက်အထိ တစ်လကျော်အတွင်း မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စုရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အသေခံ စစ်သားသစ်အဖြစ် စုဆောင်းခံရသူ ၃၈ ဦးအထိ ရှိတယ်လို့ မန္တလေးမြေပြင် ကင်းထောက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Voice Of Mandalay – VoMdy က ဖော်ပြပါတယ်။
မန္တလေးမြို့ပေါ် ရပ်ကွက်တွေထဲ စစ်အုပ်စုက နေ့ရော ညပါ ပေါ်တာဆွဲနေတာ ဖြစ်ပြီး အမှန်တကယ် ပေါ်တာဆွဲ ဖမ်းဆီးခံရသူ အရေအတွက်ဟာ ကင်းထောက်အဖွဲ့တွေ ရရှိထားတဲ့ စာရင်းထက် ပိုများမယ်လို့ မန္တလေးမြိုခံတွေက ပြောပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် ငွေကြေးတတ်နိုင်လို့ ပြန်ရွေးထုတ်လိုပါက တစ်ဦးကို ကျပ်သိန်း ၈၀ ကနေ ၁၅၀ ကျော် အထိ ကုန်ကျတယ်လို့လည်း ကိုယ်တိုင် ကြုံရသူတွေက ဆိုပါတယ်။
မန္တလေးတိုင်းနဲ့ မကွေးတိုင်းက PDF ၁၅၀ ဦး ဘက်ပြောင်းခိုလှုံလာကြောင်း စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်စဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



