သတင်းအညာမြေ တော်လှန်ရေး

ဖလမ်းတိုက်ပွဲ အထိနာပြီး လေယာဉ်ကွင်း မသိမ်းနိုင်တဲ့ စစ်အုပ်စု အရေးပေါ် ရဟတ်ယာဉ်ကွင်း ဆောက်၊

စစ်အုပ်စု စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်ရာ အလောင်းနဲ့ လက်နက်တွေ ထပ်မံ သိမ်းဆည်း ရရှိ၊

ဖလမ်းပြန်ရရေး ထိုးစစ်ဆင်တဲ့ လေးလကျော်ကြာအတွင်း စစ်အုပ်စု ၄၅၀ ကျော် သေဆုံး၊

ကိုသူ /MFP၊ ဖေဖေါ်ဝါရီ – ၁၅

ချင်းပြည်မြောက်ပိုင်း၊ ဖလမ်းမြို့ ပြန်ရရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေ မြေပြင်တိုက်ပွဲမှာ အထိနာ အသေများကာ ဖလမ်းမြို့အနီး ပြန်မကပ်နိုင်သေးတာကြောင့် အရေးပေါ် ရဟတ်ယာဉ်ကွင်း တည်ဆောက်နေတာ တွေ့ရတယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ချင်းပြည် ဒုတိယမြို့တော်ဖြစ်တဲ့ ဖလမ်းမြို့ကို ၂၀၂၅ ဧပြီလမှာ ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်အုပ်စုက မြို့ ပြန်ရရေး ၂၀၂၅ အောက်တိုဘာလမှာ အင်အား ထောင်ချီသုံးကာ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး တန်ပြန် ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။

ဖလမ်းမြို့ ပြန်ရရေး စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ မြို့အနီးရှိ ဆူးဘုံရ် လေယာဉ်ကွင်းကို မသိမ်းပိုက်နိုင်ဘဲ ရှိနေချိန် ဖလမ်းမြို့ အ‌ရှေ့ခြမ်း ဆွန်းဟရန် (Sumhrang) ကျေးရွာ ဘောလုံးကွင်းမှာ ရဟတ်ယာဉ်ကွင်းသစ် ဖောက်လုပ်နေပြီး ဒဏ်ရာ ရသူ‌တွေကို ကယ်ထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဘောလုံးကွင်းကို အနားသစ်ပင်တွေ ခုတ်လှဲတာ။ အသစ်ပြန်ဆောက်တာပေါ့။ ရဟတ်ယာဉ်ကွင်းက ဘောလုံးကွင်း သုံးလို့ ရတယ်။ အနားက သစ်ပင်တွေ ခုတ်လှဲရင်”

စစ်အုပ်စုဟာ ဖလမ်းမြို့ ပြန်ရရေးအတွက် ၂၀၂၅ အောက်တိုဘာက စတင်ကာ ကလေး -တီးတိန် -သိုင်ငင်း -ဖလမ်း လမ်းမကြီးကနေ စစ်ကြောင်းစစ်ကြောင်း၊ ကလေးမြို့ -နတ်ချောင်း -ဝေဘူလမြို့ ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ နှစ်ဖွဲ့ခွဲကာ စုစုပေါင်း အင်အား ၁၀၀၀ လောက် သုံးပြီး နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုနဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား ဖလမ်းမြို့  အရှေ့ခြမ်း ၁၀ မိုင်ခန့်အကွာမှာ တစ်နေရာ၊ ဖလမ်းမြို့နဲ့ မိုင် ၅၀ ကျော်အကွာ ကလေး -တီးတိန် -သိုင်ငင်း -ဖလမ်း လမ်းမကြီးတလျှောက် ဗားလုံနဲ့ ထင်းရှုးစခန်းတွေ အနီးမှာ တစ်နေရာ နှစ်နေရာမှာ လေးလ‌ကျော်ကြာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဖလမ်းမြို့နယ် အရှေ့ခြမ်းတိုက်ပွဲအတွင်း စစ်အုပ်စု ၂၅၀ ကျော် သေဆုံးကာ၊ ဖလမ်းမြို့နဲ့ မိုင် ၅၀ ကျော် အကွာ ကလေး -တီးတိန် -သိုင်ငင်း -ဖလမ်း လမ်းမကြီး ဗားလုံနဲ့ ထင်းရှုးစခန်းတွေတိုက်ပွဲတွေမှာ စစ်အုပ်စု ၂၀၀ ကျော် သေဆုံး။ စုစုပေါင်း စစ်အုပ်စု ၄၀၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူလည်း  ရာချီ ရှိတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုက တိုက်ပွဲမှာ အထိနာအသေများပြီး ရှေ့မဆက်နိုင်ဖြစ်နေတဲ့ စစ်ကြောင်းတွေအတွက် ကလေးမြို့ကတဆင့် စစ်ကူတွေ ထပ်မံ ပို့လွှတ်နေပြီး ဖေဖော်ဝါရီ ၁၃ ရက်က စစ်အုပ်စုရဲ့ စစ်ကူစစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးတပ်တွေ သိုင်းငင်း နဲ့ ဖလမ်းမြို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အလောင်းတချို့နဲ့ လက်နက် ၁၀လက်ကျော် သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၄ ရက် မနေ့ကလည်း စစ်အုပ်စု တပ်သား ခြောက်ဦး လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ CNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ဖလမ်းမြို့ ပြန်ရရေးနဲ့ ကလေး-ဖလမ်း လမ်းကြောင်းကို စိုးမိုးနိုင်ရေးအတွက် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် ခေါ် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေက ထုတ်နုတ်စုဖွဲ့ထားတဲ့ တပ်ရင်း ကိုးရင်း၊ အင်အား ထောင်နဲ့ချီ အသုံးပြုကာ ဖလမ်းမြို့ဆီ ဦးတည် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ ချင်းလဲန်အစိုးရတပ်ဖွဲ့ (Chinland Ministry of Defense) က ဖေဖေါ်ဝါရီ ၈ရက်မှာ ထုတ်ပြန်ပါတယ်။

ဖလမ်းမြို့ဆီ ဦးတည်လာတဲ့ စစ်အုပ်စု စစ်ကြောင်းတွေကို ချင်းတော်လှန်ရေးတပ်တွေက စောင့်ကြို တိုက်ခိုက်ရာ အရာရှိအဆင့်တွေ အပါအဝင် စစ်အုပ်စု ၂၀၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိထားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ တိုက်ပွဲမှာ အထိနာတာကြောင့် မြေပြင် စစ်ကူပို့လွှတ်တာ၊ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ သုံးကာ အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲလို့ ချင်းလဲန်အစိုးရတပ်ဖွဲ့ (Chinland Ministry of Defense)၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ Nai John Kim က MFP ကို ပြောပါတယ်။

ချင်းပြည်အတွင်း မြို့နယ် ၁၂မြို့နယ် ရှိတဲ့အနက် ရှစ်မြို့နယ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ ဖလမ်းမြို့ အပါအဝင် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀နဲ့ ဆမီးမြို့တွေကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ စစ်အုပ်စု အနေနဲ့ ဟားခါး၊ ထန်တလန်၊ တီးတိန်နဲ့ ခိုင်ကမ်းမြို့ တို့ကို ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး လွန်ခဲ့တဲ့ လတွေအတွင်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ‌ဝေဘူလမြို့ကို စစ်အုပ်စုက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဖလမ်းမြို့ဘက် ထိုးစစ်ဆင်တဲ့ စစ်အုပ်စုကို ဖေဖေါ်ဝါရီ ၁၃ရက်က တိုက်ခိုက်ရာ သိမ်းဆည်း ရရှိတဲ့ လက်နက်တွေနဲ့ ချင်းတော်လှန်ရေးတပ်တွေ ရှာဖွေတွေ့ရှိတဲ့ စစ်အုပ်စု ဝှက်ထားတဲ့ ခဲယမ်းတွေ /Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button