သပိတ်ကျင်းမှာ စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုးလို့ တိုက်ပွဲ ပြင်းထန်နေ၊
တတက ၁၃ က ထွက်လာတဲ့ စစ်ကြောင်း တွင်းငယ်ရွာမြောက်ဘက် နှစ်မိုင်ကျော်၊ တကောင်းမြို့နဲ့ မိုင် ၃၀ အကွာရှိ ရှားတောရွာ ရောက်ရှိ၊

ထင်လင်း/MFP၊ ဖေဖေါ်ဝါရီ – ၁၅
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် အထက်ပိုင်း တကောင်းမြို့ဘက်ဆီ ဦးတည်ကာ စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်အုပ်စု အနေနဲ့ တွင်းငယ်ရွာနဲ့ နှစ်မိုင်ကျော်အကွာ ရှားတောရွာအထိ ရောက်လာတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအနီးရှိ အမှတ် ၁၃ စစ် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက၁၃) ထဲ တစ်နှစ်ကျော်ကြာ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၆ရက်က စလို့ တွင်းငယ်ရွာကို စတင် စစ်ကြောင်းထိုးပြီး တကောင်းမြို့ဘက်ဆီ ဦးတည် စစ်ကြောင်းထိုးဖို့ ကြိုးစားတာလို့ ဆိုပါတယ်။
တတက ၁၃ ထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ တွင်းငယ်ရွာကို ပြန်သိမ်းယူထိန်းချုပ်ထားသလို ဖေဖေါ်ဝါရီ ၁၄ရက်မှာလည်း တွင်းငယ်ရွာနဲ့ နှစ်မိုင်ကျော်အကွာရှိ ရှားတောကျေးရွာကို ထပ်မံ သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဖိုက်တာမကြဲဘူး လက်နက်ကြီးနဲ့ ဒရုန်းတွေ (အဓိက သုံးတာ)၊ ပေါက်တပင် (ရွာ)အနောက်ထဲထိ လက်နက်ကြီးက ကျတာ၊ မနေ့က ရှားတောထိ ရောက်ပြီတဲ့ ခွေးတွေက” လို့ သပိတ်ကျင်းနယ်ခံ တစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက စစ်ကြောင်းထိုးရာမှာ ကျေးရွာတွေကို ဦးတည်ပြီး ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ကျူးလွန်နေပြီး ရှားတောရွာ ဒရုန်းနဲ့ဗုံးကြဲခံရလို့ နေအိမ်တွေ မီးလောင်သလို ပေါက်တပင် ကျေးရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျရောက်လို့ ဒေသခံတချို့ ထိခိုက် ဒဏ်ရာရတယ်လို့လည်း ဆိုပါတယ်။
စစ်အုပ်စုက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေသလို နှစ်ဘက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးနေတာကြောင့် ရှားတော၊ ပေါက်တပင် စတဲ့ ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် တွင်းငယ်ကျေးရွာကနေ တစ်နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ပြည်သူတွေပါ ထပ်မံ ရွှေ့ပြောင်း ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တွင်းငယ်ကျေးရွာကို ၂၀၂၄ နှစ်လယ်ပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးနောက် စစ်အုပ်စုက လေကြောင်းနဲ့ ဒရုန်းသုံးကာ ဗုံးကြဲ၊ လက်နက်ကြီး ထု၊ ကျေးရွာထဲ အလစ်အငိုက်ချောင်း ခိုးဝင်ပြီး လုယက်၊ မီးရှို့ဖျက်ဆီးလို့ တွင်းငယ်ရွာလုံးကျွတ်၊ အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်း သပိတ်ကျင်းမြို့နဲ့ တကောင်းမြို့ အပါအဝင် စစ်အုပ်စု ထိမ်းချုပ်ရာ နယ်မြေတွေနဲ့ တပ်စခန်းတွေကို ၂၀၂၄ နှစ်လယ်ပိုင်းမှာ တော်လှန်ရေး အင်အားစုတွေက သိမ်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။
သပိတ်ကျင်းနယ် တွင်းငယ်ရွာအနီးရှိ တတက ၁၃ နဲ့ ၇မိုင်ရွာအနီးရှိ ကျောက်ကြီးနည်းပညာတပ်တွေကို အပြီးသတ် သိမ်းပိုက်နိုင်ရေး တော်လှန်ရေး တပ်တွေက ဆက်လက် ထိုးစစ်ဆင်နေချိန် စစ်အုပ်စုက တရုတ်အားကိုးနဲ့ ၂၀၂၅ မှာ တန်ပြန် ထိုးစစ်ဆင်လာနိုင်ပြီး ပြီးခဲ့တဲ့ လတွေအတွင်း သပိတ်ကျင်းမြို့ကို ပြန်ရသွားသလို စဉ့်ကူးနဲ့ မိုးကုတ်မြို့တွေကိုပါ ပြန်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သပိတ်ကျင်းနယ် တောင်ဘက်ခြမ်း ကျေးရွာတွေ အပါအဝင် မန္တလေး – မိုးကုတ် ကားလမ်းတလျှောက်ကို ပြန်လည် သိမ်းပိုက်ထိန်းချုပ်လာနိုင်တဲ့ ယခုလို သပိတ်ကျင်းရဲ့ အထက်ဘက် တကောင်းမြို့ဘက် ဦးတည်ကာ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ဆက်လက် စစ်ကြောင်းထိုးတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ စဉ့်ကူး၊ မိုးကုတ်နဲ့ သပိတ်ကျင်းနယ်ထဲ လူအင်အား၊လက်နက်အင်အား ဖြည့်တင်းပြီးနောက် တကောင်းမြို့ဘက်ကို ဦးတည်ကာ အပြင်းအထန် ထိုးစစ်ဆင်နေပေမဲ့ ၁၀ရက်အတွင်း နှစ်မိုင်ကျော်သာ ခရီးပေါက်ပြီး လက်ရှိ စစ်အုပ်စု ပြန်ရသွားတဲ့ ရှားတောကျေးရွာနဲ့ တကောင်းမြို့ဟာ မိုင် ၃၀ နီးပါး အကွာအဝေး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တွေကို ပြန်ရသွားတဲ့ စစ်အုပ်စုဟာ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်ဖို့ ကြိုးစားနေပြီး စစ်ဘေးရှောင် ပြည်သူတွေကို လိုက်လံ ဗုံးကြဲသတ်ဖြတ်ကာ မူလနေရပ် မြို့၊ရွာတွေဆီ ပြန်လည် ဝင်ရောက်နေထိုင်ကြဖို့ အကြပ်ကိုင် ခြိမ်းခြောက် ဖိအားပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအနီး ရှားတောရွာကို ပြန်သိမ်းယူနိုင်ခဲ့ကြောင်း စစ်အုပ်စု အောင်ပွဲခံ သတင်းဖြန့်စဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



