နွားထိုးကြီးမှာ စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးတဲ့ ကျေးရွာ ၃၀ နီးပါး ရှိလာ၊
အမျိုးသမီးတချို့ အဓမ္မပြုကျင့်ခံရပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရ၊
တောင်သာမှာလည်း စစ်အုပ်စုက ရွာမီးရှို့၊ ခိုးယူမသယ်နိုင်တဲ့ ပစ္စည်းတွေ ဖျက်ဆီး၊ ရေထဲ ပစ်ချ၊
MN/MFP ၊ ဖေဖော်ဝါရီ – ၁၅
မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စတင်ကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ စီးနင်းလုယက်၊ မီးရှို့နေပြီး နှစ်လနီးပါးအတွင်း မီးရှို့ ဖျက်ဆီးခံရတဲ့ ကျေးရွာ ၃၀ နီးပါး ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
၂၀၂၅ ဒီဇင်ဘာလကုန်ပိုင်းက စတင်ကာ စစ်အုပ်စုက နွားထိုးကြီးနယ်ထဲ ရွာစဉ်ပတ်မွှေ စီးနင်းလုယက်၊ မီးရှို့နေတာ ဖြစ်ပြီး ဒီကနေ့အချိန်ထိ ဆက်လက် စစ်ကြောင်းထိုး ရန်ပြုနေဆဲမို့ ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းလုယက် မီးရှို့ရာမှာ ရွာထဲမဝင်မီ ဒရုန်းနဲ့ ဗုံးကြဲပြီးနောက် ပြည်သူတွေ ထွက်ပြေးချိန် တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်းလုယက်၊ သယ်ထုတ်ပြီးမှ နေအိမ်တွေကို မီးတင်ရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။
နွားထိုးကြီးနယ်မြောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို အဓိက ပစ်မှတ်ထားကာ စစ်အုပ်စုက အင်အား အများအပြားနဲ့ စစ်ကြောင်းထိုး၊ စီးနင်းလုယက်၊ မီးရှို့နေတာဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက တောထဲမှာ စစ်ရှောင်နေတဲ့ အမျိုးသမီးတစ်ဦးကို ဖခင်ရှေ့မှာ အဓမ္မပြုကျင့်တာ၊ ကျေးရွာအတွင်း မီးဝင်ငြှိမ်းတဲ့ အမျိုးသမီးတွေကို ဖမ်းဆီး အဓမ္မပြုကျင့်တာတွေပါ ကျူးလွန်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မကြာသေးတဲ့ ရက်ပိုင်းကမှ မင်းရွာကနေ တောထဲမှာ စစ်ဘေးရှောင်နေတဲ့ နေရာကို စခတစ်ကောင်က တစ်ယောက်တည်း ရောက်လာပြီးတော့မှ ဖအေဖြစ်သူကို ကြိုးနဲ့တုပ်ပြီးတော့ သမီးဖြစ်သူကို အဓမ္မ ကျင့်သွားတာ။ မြဝတီရွာမှာလည်း မီးဝင်ငြှိမ်းတဲ့ အမျိုးသမီးတွေ ကျင့်(အဓမ္မ)ခံရတာ ရှိသေးတယ်။ တချို့ ဒေသခံတွေလည်း စစ်ကြောင်းနဲ့တွေ့လို့ ဖမ်းဆီးခံရတာတို့ သတ်ဖြတ်ခံရတာတို့ ရှိသေးတယ်” လို့ နွားထိုးကြီးနယ်ခံ တစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် မနေ့ကလည်း နွားထိုးကြီးနယ်၊ ကျောက်တန်းရွာကို ဒရုန်းတွေနဲ့ ဗုံးကြဲလို့ နေအိမ် အများအပြား မီးလောင်ပျက်စီးတယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ၊ လူသားစာနာ တာဝန်ခံက MFP ကို ပြောပါတယ်။
“မနေ့ကဆိုရင် နေ့လယ် ၁၂ နာရီကတည်းက ကျောက်တန်းရွာကို ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေ ချပြီးတော့ မီးရှို့နေတာ။ မီးရှို့ခံရတဲ့ ကျေးရွာတွေကတော့ စုစုပေါင်းဆိုရင် ၂၅ ရွာနဲ့ ၃၀ ကြားမှာ ရှိတယ်ဗျ။ ဒီတခါ စစ်ကြောင်းထိုးနေတာ ရွာတွေ အတော်များတယ်။ မီးရှို့ခံရတဲ့ ရွာတွေကလည်း များတယ်။ အိမ်ခြေစာရင်းတွေကတော့ အတိအကျ မရသေးဘူး။ တချို့ရွာတွေဆိုရင် ဘာမှ မဟုတ်ဘဲနဲ့ ဒီအတိုင်း ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေ ချနေတာ။ လေကြောင်း တိုက်ခိုက်မှုတွေလည်း များတယ်။ အရင်တုန်းက နွားထိုးနယ်ထဲမှာ စစ်ကြောင်းထိုးတာက ရာဂဏန်းလောက်နဲ့ ထိုးတာ။ အခုဟာက ရွာတိုင်းလိုလို စစ်ကြောင်းတွေ ရှိနေတာ။ အင်အားကတော့ ထောင်ဂဏန်းလောက် ရှိမယ်”
နွားထိုးကြီးနယ်ထဲ စစ်အုပ်စု စီးနင်းလုယက်၊ မီးရှို့ခဲ့တဲ့ ရွာတွေဟာ မင်းရွာ၊ ကြာကန်၊ ခံစပ်ကုန်းအရှေ့နဲ့ အနောက်ရွာ၊ ကုက္ကိုကုန်း၊ နနွင်းတော်ဘို့၊ မုဌော၊ ဘူးကိုင်း၊ ငှက်ပျောအိုင်၊ ကဒေါင်း၊ သာပေါင်း၊ ညောင်ဇင်၊ ဝက်လူး၊ ကျွန်းဒေါင့်၊ မြဝတီ၊ လက်ပံ၊ ကျောက်တန်း၊ နဘူးတော(တောင်-မြောက်)၊ ပဲခင်းကြီး၊ ဗဟက်၊ တောဝေး၊ ကံဦး၊ ဆူးဖြူကုန်း၊ စတဲ့ ကျေးရွာ ၃၀ နီးပါး ဖြစ်ကာ မီးလောင်ပြာကျတဲ့အိမ် ထောင်ဂဏန်းနီးပါရှိမယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မီးရှို့ခံရတဲ့ ကျေးရွာတွေက အတော်လေးများတယ်။ ပြီးခဲ့တဲ့ရက်က ဝက်လူး(ရွာ)မြောက်ဘက် ကျွန်းဒေါင့်နဲ့ မြဝတီရွာတွေဆိုရင် မီးလည်းရှို့သလို မီးလောင်ဗုံးတွေပါ ချသေးတာ။ နောက်ပြီး ညောင်ဇင်ရွာ ကိုလည်း ဒရုန်းတွေနဲ့ချပြီး မီးတွေရှို့တယ်။ မီးရှို့ခံရတဲ့ရွာတွေ အိမ်ခြေစာရင်းတွေတော့ လောလောဆယ် မသိရသေးဘူး။ စစ်ကြောင်းတွေကလည်း နွားထိုးမြောက်ခြမ်းက ကျေးရွာ အတော်များများမှာ ဝက်လိုက်ထွက်လိုက်နဲ့ ရှိနေသေးတယ်”လို့ နွားထိုးကြီးနယ်ခံ ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ နွားထိုးကြီးနယ် ကျေးရွာတွေကို စီးနင်းလုယက်မီးရှို့ပြီးနောက် ရွာထဲက ပြန်မထွက်ဘဲ ရွာတွေထဲမှာ အထိုင်ချတပ်စွဲထားဆဲ ဖြစ်တာကြောင့် အနည်းဆုံး ကျေးရွာ ၅၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရကာ စားနပ်ရိက္ခာ၊ ဆေးဝါး စတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို ရွာစဉ်ပတ်မွှေ စီးနင်းလုယက်၊ မီးရှို့နေပြီး အမျိုးသမီးတွေကို အဓမ္မပြုကျင့်နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ တိုက်ပွဲအချို့ ဖြစ်ပွားနေပြီး စစ်အုပ်စုက ဒရုန်းနဲ့ မီးလောင်ဗုံး ချလို့ တော်လှန်ရေး ရဲဘော်အချို့ မီးလောင်ဒဏ်ရာတွေ ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ နွားထိုးကြီးနဲ့ ထိစပ်နေတဲ့ မြင်းခြံခရိုင်၊ တောင်သာနယ်ကိုလည်း စစ်အုပ်စု စစ်ကြောင်းထိုးကာ လုယက်မီးရှို့နေတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ တောင်သာနယ် ပဲခင်းကျော်ကျေးရွာကို စီးနင်းအထိုင်ချ တပ်စွဲတဲ့ စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၁၃ရက်မှာ ကျေးရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း အပါအဝင် အိမ်ခြေ ၅၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တောင်သာလူထုလှုပ်ရှားမူ ကော်မတီက ဖော်ပြပါတယ်။
ပဲခင်းကျော်ကျေးရွာက ပြည်သူတွေဟာ စစ်ဘေးရှောင်ထွက်မပြေးမီ မြေပဲ၊ ပဲစင်းငုံ စတဲ့ ရိတ်သိမ်းပြီးစ သီးနှံတွေကို ကျေးရွာဘုန်းကြီးကျောင်းအတွင်း ပြောင်းရွှေ့ ထားရှိခဲ့ရာ စစ်အုပ်စုက အဲ့ဒီ မြေပဲနဲ့ ပဲစင်းငုံတွေကို ၁၂ ဘီးကားတွေနဲ့ နိုင်သလောက် ခိုးယူသယ်ထုတ်ပြီး မသယ်နိုင်တဲ့ ပဲတွေကို မီးရှို့ဖျက်ဆီးခဲ့သလို နေအိမ်တွေက ဖောက်ထွင်းလို့ရသမျှ ဆိုင်ကယ်နဲ့ တန်ဘိုးရှိ ပစ္စည်းတွေကိုလည်း ရေကန်ထဲ ပစ်ချ ဖျက်ဆီးခဲ့တယ်လို့ တောင်သာလူထုလှုပ်ရှားမူ ကော်မတီက ဖော်ပြပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း နိုင်ငံတဝန်းရှိ အရပ်သားနေအိမ် ၁၁၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။
တောင်သာနယ် ပဲခင်းကျော်ကျေးရွာကို စစ်အုပ်စု စီးနင်းလုယက်၊ ဖောက်ထွင်းကာ ရနိုင်သလောက် ခိုးယူသယ်ထုတ်ပြီးနောက် မသယ်နိုင်တဲ့ မြေပဲ၊ ပဲစင်းငုံ၊ တန်ဘိုးရှိ ပစ္စည်းတွေနဲ့ နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – တောင်သာမြို့နယ် လူထုလှုပ်ရှားမူ ကော်မတီ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



