
ဖိုးချို/MFP၊ ဖေဖေါ်ဝါရီ – ၁၆
မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ အာဏာသိမ်း စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ လုပ်ပြီးနောက်ပိုင်း ကား၊ ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးတာတွေ ပိုမို လုပ်ဆောင်လာပြီး မြို့တွင်းမှာ အင်အားသုံး ဖမ်းဆီးငွေညှစ်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စု လက်အောက်ခံ ယာဉ်ထိန်းရဲတချို့က ပျူစောထီး၊ စည်ပင်တွေနဲ့ ပူးပေါင်းကာ လမ်းပေါ်တက် စစ်ဆေးနေတာဖြစ်ပြီး စစ်ဆေးသူ အများစုစာ အရပ်ဝတ်၊ မျက်နှာဖုံးစွပ်တွေပါ တပ်ဆင်ထားကာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး မိုက်ကြေးခွဲ ငွေညှစ်တဲ့သဘောမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးတဲ့သဘောမျိုး ဖြစ်စေဖို့ ယူနီဖောင်းဝတ် ယာဉ်ထိန်းရဲ လေးငါဒးယောက်ကို လမ်းဆုံတွေမှာ အယောင်ပြ ချထားကာ မျက်နှာဖုံးစွပ် အရပ်ဝတ် လက်နက်ကိုင်တွေက လမ်းကြားတွေထဲကနေ စောင့်ပြီး လာသမျှလူတိုင်းကို အလွတ်မပေးဘဲ တားဆီးငွေညှစ်၊ လက်နက်ပြ မိုက်ကြေးခွဲနေတာလို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။
မန္တလေးမြို့ပေါ်မှာ ယခင်ကလည်း စစ်အုပ်စုက အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းပေါ်တက် ငွေညှစ်တာတွေ လုပ်လေ့ရှိပေမယ့် တစ်နေရာတည်းမှာ အချိန်ကြာကြာ မလုပ်ဘဲ နာရီပိုင်း၊ မိနစ်ပိုင်းလောက်သာ ငွေညှစ်ကာ ရွှေ့လျားသွားလာ၊ နေရာပြောင်းလေ့ရှိပေမယ့် ယခု အယောင်ပြ ရွေးကောက်ပွဲပြီးနောက်ပိုင်း နာရီအတော်ကြာ အထိုင်ချကာ လမ်းသွားလမ်းလာတွေကို ချောင်းဖမ်းပြီး လက်နက်ပြ မိုက်ကြေးခွဲနေတာလို့ ဆိုပါတယ်။
“မော်တော်ပီကယ်က နည်းနည်း၊ ပျုနဲ့ ရဲက များများပါ၊ ဖမ်းတဲ့အဖွဲ့ တစ်ဖွဲ့မှာ အင်အား ၂၀ ကျော်လောက် ပါမယ်၊ လမ်းကြားတွေထဲအထိ ကင်းပုန်းချထားပြီး ဖမ်းနေကြတာ၊ အခုက သုံးပြ၊ လေးပြလောက်အထိ လမ်းကြားတွေမှာ သူ့လူတွေကို ဖြန့်ချထားတယ်။ လမ်းအဝင် အစမှာ အရပ်ဝတ် ပျုနဲ့ ရဲတွေက ရှိတယ်၊ မော်တော်ပီကယ် မဟုတ်တော့ သတိမမူမိဘူးပေါ့၊ ပျုကလည်း အရပ်ဝတ်နဲ့ ရဲကလည်း မမြင်အောင် ချောင်ထဲကုပ်နေတာ၊ ပထမဆုံး ဆိုင်ကယ်ကို သူတို့ ဖမ်းမယ့် ဧရိယာထဲ ရောက်အောင် လွှတ်ပေးလိုက်ပြီးမှ စက်တွေနဲ့ ပေါက်ပြီး အမိအရကို ဖမ်းနေကြတာ၊ ပွဲတော်လိုပါပဲ” လို့ ကိုယ်တိုင် ငွေညှစ်ခံရသူ မန္တလေးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
ယခုရက်ပိုင်းတွေအတွင်း မန္တလေးမြို့ပေါ်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ များလွန်းလို့ လွတ်အောင်ရှောင်ဖို့ ခက်တယ်လို့ ဖမ်းဆီးငွေညှစ်ခံရသူ နောက်ထပ်တစ်ဦးကလည်း ပြောပါတယ်။
“တစ်မှု ၃၀,၀၀၀ (ကျပ်)ပဲ၊ အရင်ကလို တောင်းပန်လည်း လျော့ပေးမယ်၊ လွှတ်ပေးမယ် မထင်နဲ့၊ သူတို့က ကိုယ့်ဆီက ရစရာရှိလို့ အကြွေးတောင်းသလို မျက်နှာထား တင်းတင်းနဲ့ တောင်းတာ၊ …။ မော်တော်ပီကယ်မက သူ့ကား ဟွန်ဒါဖစ်ကား နောက်မြီးပေါ်ထိုင်ပြီး မျက်နှာတင်းတင်းနဲ့ (တောင်းပန်တာကို) ဂရုမစိုက်ဘူး၊ ပြီးတော့ ပျုတစ်ကောင်ကို လိုင်စင်ထည့်ပေးပြီး သူ့တို့ ငွေကောက် အရာရှိ ရှိတဲ့နေရာကို လိုက်ပို့ခိုင်း၊ ငွေသွားဆောင်ခိုင်းတာ၊ ဒီကာလမှာ ရဲနဲ့ မော်တော်ပီကယ်ပဲ ချမ်းသာသွားတာ၊ ချလံဖြတ်တဲ့ ကားထဲများ ကြည့်လိုက်ရင် ငွေထုတ်စက် ရှိသလိုပဲ ပိုက်ဆံများ အပုံလိုက်၊ တချို့ မော်တော်ပီကယ်တွေဆို ကားဆိုင်ကယ်ဖမ်းဖို့ စုရပ်လာတာ ကိုယ်ပိုင်ကားနဲ့ လာကြတာ”
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်မှာ မော်တော်ပီကယ် မပါဘဲနဲ့လည်း ရဲ၊ ပျူနဲ့ စည်ပင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းပြကာ လက်နက်ပြ မိုက်ကြေးခွဲနေတာ ဖြစ်ပြီး လက်ရှိမှာတော့ မော်တော်ပီကယ်က ပျူစောထီးတွေ၊ ရဲ၊ စည်ပင်တွေနဲ့ ပေါင်းကာ ထင်တိုင်းကျဲ ငွေညှစ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။



မန္တလေးမြို့ပေါ် လမ်းသွားလမ်းလာ ပြည်သူကို တားဆီးစစ်ဆေး ငွေညှစ်နေတဲ့ အာဏာသိမ်း စစ်အုပ်စုကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



