မကွေးသတင်း

ရေစကြိုမှာ စစ်အုပ်စုက ဗုံးကြဲ၊ လက်နက်ကြီးထုလို့ ပြည်သူလေးဦး သေဆုံး၊

အီသာရမ်/MFP ၊ ဖေဖော်ဝါရီ-၁၇

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြို့မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ကျေးရွာတွေကို လေကြောင်း ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်တာကြောင့် ပြည်သူလေးဦး သေဆုံးကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်မှာ ရေစကြိုမြို့နယ် ချင်းယားကုန်းကျေးရွာကို စစ်အုပ်စုက ပါရာမော်တာ (Paramotor – စက်တပ်လေထီး) နဲ့ ဗုံးကြဲပြီး ဖေဖေါ်ဝါရီ ၁၅ရက်မှာ မုံညှင်းကျေးရွာကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်က တက်လာတဲ့ ပါရာမော်တာ နှစ်စီးနဲ့ ဖေဖေါ်ဝါရီ ၁၂ရက်က ရေစကြိုနယ် ချင်းယားကုန်းရွာပေါ် စစ်အုပ်စုက ဗုံးပတ်ကြဲခဲ့ရာ ပြည်သူ အမျိုးသမီး သုံးဦး သေဆုံးပြီး ရှစ်နှစ်အရွယ်ကလေး အပါအဝင် နှစ်ဦး ဒဏ်ရာရကာ အိုးအိမ်တွေလည်း ပျက်စီးတယ်လို့ ဒေသခံတွေကို ဆေးဝါးကုသပေးနေတဲ့ နွေဦးသစ္စာ ဆေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်ပွားတာ မရှိဘူး၊ ချင်းယားကုန်းရွာကို ပါရာမော်တာနဲ့ လာချလို့ ပြည်သူသုံးဦး သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရတယ်၊ ထိခိုက်ဒဏ်ရာ ရတာက ရှစ်နှစ်အရွယ် ကလေးငယ်တစ်ယောက် ပါတယ်”

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ရေစကြိုမြို့ရှိ စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ) ၂၅၈ ကနေ တစ်မိုင်ခန့်အကွာရှိ မုံညှင်းကျေးရွာကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လို့ အသက် ၆၂ နှစ်အရွယ် ပြည်သူအမျိုးသမီး တစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ရေစကြိုနယ်ထဲ ပြည်သူကို ပစ်မှတ်ထားကာ ထင်တိုင်းကျဲ ဗုံးပတ်ကြဲနေတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ရေစကြိုနယ် ရေလယ်ကျွန်းဒေသကို ပါရာမော်တာ၊ ဂျက်ဖိုက်တာ တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲပြီး လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့ရာ အိုးအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှု ၄,၇၅၀ ကြိမ် ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၅,၁၈၈ဦး သေဆုံးကာ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ (လူနေအိမ် မပါဝင်) ၁,၂၇၂ ခု ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖေဖေါ်ဝါရီ ၂ရက်မှာ ထုတ်ပြန်ပါတယ်။

ရေစကြိုနယ် ချင်းယားကုန်းကျေးရွာကို စစ်အုပ်စုက ပါရာမော်တာနှစ်စီးနဲ့ ဗုံးပတ်ကြဲလို့ ထိခိုက်ဒဏ်ရာရ၊ သေဆုံးတဲ့ ပြည်သူနဲ့ ပျက်စီးတဲ့ အိုးအိမ်တွေ/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button