မကွေးသတင်းအညာမြေ တော်လှန်ရေး

ရေစကြိုမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက ရွာကို မီးရှို့ဖျက်ဆီး၊ အိမ်ခြေ ၃၀ ကျော် မီးလောင်ပြာကျကာ ကျွဲနွားတွေလည်း သေဆုံး၊

အီသာရမ်/MFP ၊ ဖေဖော်ဝါရီ-၁၈

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး လုယက် ခိုးယူနေတဲ့ စစ်အုပ်စုကို ဒေသခံ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု အထိနာတာကြောင့် ကျေးရွာကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေနဲ့ ရေစကြို ပကဖ ပြန်ကြားရေးတာဝန်ခံတို့က MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ ရေစကြိုနယ်ထဲ ရွာစဉ်ပတ်မွှေ စီးနင်းလုယက် ခိုးယူနေတာလို့ ဆိုပါတယ်။

တပ်မ ၉၉ ခေါ် အမှတ် ၉၉ ခြေမြန်တပ်မ ဌာနချုပ်က အင်အား ၁၅၀ ခန့်ပါ စစ်အုပ်စုဟာ နှစ်ဖွဲ့ခွဲကာ ရေစကြိုနယ် ရွာစဉ်ပတ်မွှေနေတာ ဖြစ်ပြီး ဖေဖေါ်ဝါရီ ၁၅ရက်က ရေစကြိုနယ် ကျေးရွာတစ်ရွာကို စီးနင်းလုယက်ပြီး ပြန်ထွက်လာချိန် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရေစကြို ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ထွက်လာတာပေါ့နော၊ အဲဒါနဲ့ ကျွန်တော်တို့နဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်တယ်ပေါ့နော။ ထိတွေ့တိုက်ပွဲက နာရီဝက်လောက် ဖြစ်တယ်ပေါ့နော။ သူတို့ လက်နက်ကြီးတွေ တောက်လျောက် ပစ်ပြီး ရွာထဲက နွားတွေ‌၊ဝက်တွေလည်း သေဆုံးတာတွေ များတယ်ပေါ့နော”

တိုက်ပွဲမှာ အထိနာတဲ့ စစ်အုပ်စုက အနီးရှိ သမန္တပို့ကျေးရွာကို စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်း ခိုးယူပြီးနောက် ရွာကို မီးရှို့ဖျက်ဆီးလို့ နေအိမ် ၃၄ လုံး ပြာကျပျက်စီးတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ ပြာကျတဲ့ နေအိမ်တွေဟာ သမန္တပို့အလယ်ရွာက နေအိမ် ၂၅ လုံးနဲ့ သမန္တပို့တောင်ရွာက နေအိမ် ကိုးလုံး၊ စုစုပေါင်း ၃၄ လုံး ဖြစ်တယ်လို့ ရေစကြိုမြို့နယ် Yesagyo Township Info Committee က ဖော်ပြပါတယ်။

“မနက်အစောကြီးပဲ လက်နက်ကြီးတွေနဲ့ ပစ်လို့ ပြေးကြရတာ၊ ခဏကြာတော့ မီးခိုးလုံးတွေ တက်လာတာ မြင်ရတယ်၊ မိန်းမနဲ့ ကလေးတွေကတော့ ဝမ်းနည်းပက်လက် ငိုကြတော့တာပေါ့ဗျာ၊ စားရေး သောက်ရေးတောင် အနိုင်နိုင် ရုန်းကန်နေကြရတာ၊ အလုပ်တွေကလည်း အဆင်ပြေတာ မဟုတ်ဘူး၊ အခု နေစရာပါ မရှိတော့ဘူးဆိုပြီး ငိုကြတာပေါ့၊ အတော့်ကို ယုတ်မာ ပက်စက်ကြတာပါပဲ၊ ဘယ်လို စိတ်မျိုး‌တွေနဲ့ လုပ်ရက်ကြတာလည်းလို့ နားမလည်နိုင်တော့ပါဘူးဗျာ၊ အိမ်ခြေ ၃၊ ၄၀လောက် ပြာကျသွားတယ်၊ ဒါတောင် သူတို့ စစ်ကြောင်းထွက်သွားပြီး ပြည်သူတွေက အရဲစွန့် ငြှိမ်းသတ်ကြလို့၊ အဲလို မဟုတ်ရင် အတော်များများ ပြာကျကုန်မှာ၊ အခုတော့ ဘုရားတို့၊ ဘုန်းကြီးကျောင်းတို့မှာ ဖြစ်သလို နေနေကြရတယ်” လို့ ဒေသခံပြည်သူတစ်ဦးက ပြောကြောင်း Yesagyo Township Info Committee က ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် သမန္တပို့၊ မဲကုန်း၊ တောရနဲ့ အနီးဝန်းကျင် ကျေးရွာ‌တွေက ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ရေစကြိုနယ်ထဲကို ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတာ တစ်လခွဲခန့် ကြာမြင့်နေပြီဖြစ်ပြီး ရွာမီးရှို့တာ၊ ဗုံးကြဲတာ၊ လက်နက်ကြီး ရမ်းကား ပစ်ခတ်တာတွေ ကျူးလွန်နေသလို ဆက်လက် ရွာစဉ်ပတ်မွှေနေဆဲမို့ ဒေသခံပြည်သူတွေ သတိပြု နေထိုင်ကြဖို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဖေဖေါ်ဝါရီ ၁၂ရက်နဲ့ ၁၆ရက်ကလည်း ရေစကြိုနယ်၊ ကျေးရွာတွေကို စစ်အုပ်စုက လေကြောင်း ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာတွေ ကျူးလွန်ခဲ့တာကြောင့် အမျိုးသမီးတွေ အပါအဝင် အရပ်သား ပြည်သူ လေးဦး သေဆုံးကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရေစကြိုနယ် သမန္တပို့ကျေးရွာကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးစဉ်/Photo – Yesagyo Township Info Committee

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button