BNRA အဖွဲ့ဝင် ၁၅၀ ခန့် NUG နဲ့ ပူးပေါင်း၊ ပုလဲနယ်ကို အနီရောင်အဆင့် တပ်လှန့်ထား၊
NUG ရဲ့ ခြောက်နာရီကျော်ကြာ စီးနင်းတိုက်ခိုက်မှုအတွင်း BNRA ရဲဘော် ၁၀ ဦးကျော် ကျဆုံး၊
မှူးအိန်ဂျယ်လ် / MFP၊ ဖေဖော်ဝါရီ – ၁၈
စစ်ကိုင်းတိုင်း၊ ယင်းပမာပင်ခရိုင်၊ ပုလဲမြို့နယ် အခြေပြု ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ထင်လင်း (ခ) ဗိုလ်နဂါးဟာ ဖေဖော်ဝါရီ ၁၈ ရက် ဒီကနေ့ ညနေပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်သွားပေမဲ့ သူရဲ့ လက်အောက်ခံ BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့်ကတော့ PDF တပ်ရင်းတွေနဲ့ ပူးပေါင်းလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သတင်း ထုတ်ပြန်ပါတယ်။
“BNRA တပ်ဖွဲ့ဝင်အချို့ (၁၅၀) ဦးခန့် သည်လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)များထံသို့ ချိတ်ဆက် အဖမ်းခံခြင်း၊ လာရောက် ပူးပေါင်း ဆောင်ရွက်ခြင်း နှင့် လက်နက် အပ်နှံခြင်းများပြုလုပ်လျက် ရှိနေပြီဖြစ်သည်“
NUG ဘက်က ထုတ်ပြန်ချက်အရ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်အချို့ဟာ လူသတ်မှု၊ မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက်နှိပ်စက်မှု၊ PDF ရဲဘော်တွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှု အပါအဝင် ရာဇဝတ်မှု ခုနှစ်မူ ကျူးလွန်ခဲ့တယ်လို့ အထက်ပါ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မုဒိမ်းကျင့်ရန် ကြံစည်သည်ဟု စွပ်စွဲကာ လူသတ်ပြီး အလောင်းဖျောက်ခဲ့သည့် အမှု၊ PDF ရဲဘော်တွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ ပကဖ ရဲဘော် ၁၀ ဦးအား ကိုယ်ထိလက်ရောက် နှိပ်စက်မှု၊ အမျိုးသမီးငယ် နှစ်ဦးအပေါ် သက်ငယ်မုဒိမ်းမှုတွေ ပါဝင်တယ်လို့ NUG က ဆိုပါတယ်။
အမှုတွေကို ယင်းမာပင်ခရိုင်နှင့် ပုလဲမြို့နယ်အတွင်းရှိ NUG ရဲဌာနမှာ အမှုဖွင့် စစ်ဆေးနေပြီး ကျူးလွန်သူတွေကို လွှဲပြောင်းပေးအပ်ဖို့ အကြောင်းကြားခဲ့ပေမဲ့ BNRA ဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်မှာ NUG က အထက်ပါအမှုတွေအတွက် စုံစမ်းဖမ်းဆီးဖို့ ဆောင်ရွက်ချိန် BNRA တပ်ဖွဲ့ဝင်တချို့က ခုခံလို့ ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ပြီး၊ လက်ရှိအချိန်အထိ BNRA တပ်ဖွဲ့ဝင် အချို့ကို လက်နက်တွေနဲ့ အတူ ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ NUG က ပြောပါတယ်။
အဲံဒီလို NUG က တရားခံဖမ်းဖို့အတွက် ဆိုပြီး ဖေဖေါ်ဝါရီ ၁၇ရက် မနက် ၇နာရီဝန်းကျင်ကနေ မွန်းလွဲ ၁နာရီကျော်အချိန်အထိ ခြောက်နာရီကျော်ကြာ BNRA ဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီ ခြောက်နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း BNRA ရဲဘော် ၁၁ ဦးနဲ့ PDF ရဲဘော် တစ်ဦး ကျဆုံးကာ BNRA ရဲဘော် ရှစ်ဦး ဖမ်းဆီးခံရ၊ ဂိတ်စခန်း သုံးခုနဲ့ လက်နက်ခဲယမ်းတွေကို NUG က သိမ်းယူခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီ ၁၈ရက် ညနေပိုင်းမှာတော့ BNRA ခေါင်းဆောင် ဗိုလ်နဂါးဟာ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင် ပူးပေါင်းလာတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
“တော်လှန်ရေးသမား အမည်ခံ နဂါး (ခ) တီကောင်ဟာ ဒီနေ့ ညနေ ၃ နာရီခန့်မှာ စကစ ထံ အမှောင်ဝင်သွားခဲ့ပါတယ်” လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ပြောပါတယ်။
ယင်းမာပင်ခရိုင်အတွင်းရှိ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ အသိပေးထားပြီး၊ ယခင်ကလည်း ယင်းမာပင်ခရိုင်အတွင်းရှိ တပ်ရင်းတွေနဲ့ ပကဖ ဂိတ်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှု ခံရခြင်းမှာ နဂါးရဲ့ သတင်းပေးပို့မှုကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ကိုဇော်ထက်က ဆိုပါတယ်။
လက်ရှိအခြေအနေအရ ပုလဲမြို့နယ်ကို လုံခြုံရေးအရ အနီရောင်အဆင့် သတ်မှတ်ကာ တပ်လှန့်ထားပြီး၊ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက် ထုတ်ပြန်မယ်လို့ NUG က ဆိုပါတယ်။
စစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ဗိုလ်နဂါးနဲ့ BNRA ရဲဘော်တွေ/Photo – BNRA
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



