စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

BNRA ရဲဘော် ၁၅ ဦး စစ်အုပ်စုထံ ပူးပေါင်းဟုဆို၊

ပုလဲက ထွက်လာတဲ့ စစ်အုပ်စု စစ်ကြောင်းမထိုးဘဲ BNRA တပ်သားတွေ ခေါ်ကာ မြို့ထဲ ပြန်ဝင်သွား၊

သုထက်/MFP၊ ဖေဖေါ်ဝါရီ – ၁၉

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ထဲကနေ ဒီကနေ့ မွန်းလွဲပိုင်း အင်အား ၂၀၀ လောက်နဲ့ ထွက်လာပြီး စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ မင်းတိုင်ပင်ရွာထဲ ရောက်နေတဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်တော် – BNRA ရဲဘော်တချို့ကို ခေါ်ထုတ်ပြီးနောက် ညနေပိုင်းမှာ ပုလဲမြို့ထဲ ပြန်ဝင်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA အဖွဲ့က တပ်သား ၁၅ ဦးဟာ ပုလဲနယ်၊ မင်းတိုင်ပင်ရွာထဲ စီးနင်းအထိုင်ချ တပ်စွဲထားတဲ့ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်တာကြောင့် ပုလဲမြို့ပေါ်နေ စစ်အုပ်စုက အဲ့ဒီ BNRA တပ်သားတွေကို ပုလဲမြို့ဆီ သွားရောက် ခေါ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၉ရက် နေ့လည် ၁နာရီဝန်းကျင်မှာ ပုလဲမြို့ထဲကနေ စစ်အုပ်စု အင်အား ၂၀၀ လောက် မင်းတိုင်ပင်ရွာဘက် ဦးတည် စစ်ကြောင်းထိုးခဲ့ပြီးနောက် ညနေ ၅နာရီခွဲဝန်းကျင်မှာ မင်းတိုင်ပင်ရွာကနေ ပုလဲမြို့ထဲ ပြန်ဝင်လာတာလို့ ဆိုပါတယ်။

“အစက စစ်ကြောင်း ပတ်မွှေမယ် မှတ်တာ၊ အင်အားကလည်း များတယ်၊ ညနေ ၅နာရီခွဲအချိန်လောက် BNRA ရဲဘော်တွေခေါ်ပြီး (ပုလဲမြို့ထဲ) ပြန်ဝင်သွားတယ်” လို့ ဒေသခံ ရပ်ကျေး ပကဖ အဖွဲ့ဝင် တစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စု ရန်ကြောင့် ပုလဲမြို့နဲ့ မင်းတိုင်ပင်ရွာကြားရှိ မြကုန်း၊ ကုက္ကိုကုန်း၊ စေတီရုံ၊ စပါးစေ့၊ နွယ်ရှောက်စတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူ ၆,၀၀၀ နီးပါး စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ရွာထဲ ပြန်မဝင်ရဲသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေတဆင့် ပုလဲမြို့ပေါ် MI-17 သယ်ပို့ရဟတ်ယာဉ် နှစ်စီးနဲ့ ခြောက်ကြိမ်၊ ၁၂ ခေါက် ဆင်းသက်ကာ အင်အားဖြည့်တင်းခဲ့သလို မုံရွာ – ဆားလင်းကြီး၊ ညောင်ပင်ကြီးရွာ ချင်းတွင်းမြစ်ကူး ဇက်ဆိပ်ကနေလည်း အင်အား အများအပြား ဖြည့်တင်းနေတဲ့အတွက် ပုလဲ အပါအဝင် ယင်းမာပင်ခရိုင်ထဲ စစ်ကြောင်းထိုး၊ လုယက်၊ သတ်ဖြတ်၊ မီးရှို့တာတွေ ကျူးလွန်မှာကို ဒေသခံ ပြည်သူတွေ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ပုလဲနယ်ထဲ စစ်ကြောင်းထိုးတိုင်း ကျေးရွာတွေကို စီးနင်းဝင်မွှေကာ တွေ့သမျှလူ ဖမ်းဆီး၊ သတ်ဖြတ်၊ ဓားစာခံလူသားဒိုင်းအဖြစ် အသုံးချ၊ နေအိမ်တွေ ဖောက်ထွင်းခိုးယူ၊ ရွာမီးရှို့တာတွေ ကျူးလွန်လေ့ရှိပါတယ်။

ပုလဲ – ဂန့်ဂေါ ကားလမ်းပေါ်ရှိ အိမ်ခြေထောင်ချီရှိတဲ့ ပုလဲနယ် မင်းတိုင်ပင်ရွာကို အာဏာသိမ်း စစ်အုပ်စုက စီးနင်းတပ်စွဲထားတာ လအတော်ကြာနေပြီဖြစ်ပါတယ်။

BNRA ရဲဘော် ၁၅ ဦး မင်းတိုင်ပင်ရွာထဲရှိ စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်တယ်လို့ ဒေသခံတွေက ပြောပေမယ့် MFP အနေနဲ့ အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

BNRA ခေါင်းဆောင် ဗိုလ်နဂါးဟာ မနေ့က ညနေပိုင်းကတည်းက အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်တာဖြစ်ပြီး ဗိုလ်နဂါးရဲ့ လက်အောက်ခံ တချို့ အသက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ BNRA တပ်ဖွဲ့ဝင် ၁၅၀ လောက် PDF ထံ လာရောက် ပူးပေါင်းတာ၊ အဖမ်းခံတာ၊ လက်နက်အပ်တာတွေ ရှိတယ်လို့လည်း အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က သတင်း ထုတ်ပြန်ထားပါတယ်။

ဗိုလ်နဂါးနဲ့ BNRA တပ်ဖွဲ့ဝင်တချို့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်ရေး ဖမ်းဆီးဖို့ဆိုပြီး ဖေဖေါ်ဝါရီ ၁၇ရက် မနက်ပိုင်း အမျိုးသား ညီညွတ်ရေးအစိုးရ – NUG တပ်တွေက ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်စခန်းတွေကို အင်အားသုံး စီးနင်းတိုက်ခိုက်ခဲ့ရာ BNRA ရဲဘော်တချို့ ကျဆုံး၊ တချို့ အဖမ်းခံခဲ့ရပါတယ်။

BNRA တပ်ဖွဲ့ဝင်တွေကို လွန်ခဲ့တဲ့ လတွေအတွင်းက တွေ့ရစဉ်/Photo – BNRA

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button