သတင်း

ချင်းအမျိုးသားနေ့မှာ စစ်အုပ်စုက ဖလမ်းမြို့နယ် ကျေးရွာတွေကို ဗုံးပတ်ကြဲ၊

ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၂၀

ဒီ‌ကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ အာဏာသိမ်း စစ်အုပ်စုက ချင်းပြည်၊ ဖလမ်းမြို့နယ်ရှိ ကျေးရွာတွေကို အကြိမ် ၅၀ ကျော် ဗုံးပတ်ကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ရက် ဒီနေ့မှာ ဖလမ်းမြို့နယ်အတွင်းရှိ ဇာလိုင်၊ လိုင်ကွာ၊ ရမ်ထလို၊ တလန်ရောန်၊ တလန်ဇာ၊ တားလ် စတဲ့ ကျေးရွာတွေကို စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲတာဖြစ်ပြီး စုစုပေါင်း အကြိမ်ရေ ၅၀ ကျော် ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ ကျေးရွာတွေကို စစ်အုပ်စုက မကြာခဏ ဗုံးကြဲတာ၊ တိုက်ပွဲတွေ ရှိနေတာကြောင့် ဒေသခံအများစု စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရပြီး ဒီကနေ့ ဗုံးကြဲ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကျေးရွာတွေ အတွင်း လူသူထိခိုက်သေဆုံးမှု မကြားရဘဲ ပျက်စီးဆုံးရှုံးမူတော့ အသေးစိတ် မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်တွေကတော့ ပျက်စီးတာတော့ ရှိတယ်။ မီးလောင်နေတာတွေ အဝေးက မြင်ရတယ်”

စစ်အုပ်စုက အဆက်မပြတ် ဗုံးကြဲနေတဲ့ လေကြောင်းရန် အပြင် ဒရုန်းနဲ့ လက်နက်ကြီး အန္တရာယ်ကြောင့် ဖလမ်းမြို့နယ်အတွင်းရှိ ဇာလိုင်၊ လိုင်ကွာ၊ ရမ်ထလို၊ တလန်ရောန်၊ တလန်ဇာ၊ တားလ် စတဲ့ ကျေးရွာတွေသာမက ဝေဘူလ၊ ခွန်းလီ၊ လိုင်ဗား၊ လုမ်ဘန်း၊ ဗားလုံ၊ လုံဟော့  စတဲ့ ကျေးရွာပေါင်း ၁၀၀ လောက်က ဒေသခံ ၂၀,၀၀၀ ကျော် တောတောင်အတွင်း ထွက်ပြေး တိမ်းရှောင်နေကြရပြီးတော့ အစားအသောက် အရေးပေါ် လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက MFP ကို ပြောပါတယ်။

“ကလေး- သိုင်းငင်း -ဖလမ်း (ကားလမ်းတလျှောက်)က ရွာတွေလည်း ရှောင်ရတယ်။ အကုန်လုံးပဲ၊ ဖလမ်းအရှေ့ခြမ်းက ရွာတွေလည်း ရှောင်ရတယ်။ ဆန်တွေကတော့ တော်တော် လိုနေတယ်။ ဆိုင်ကယ် သွားမရတော့”

အာဏာသိမ်း စစ်အုပ်စုဟာ စစ်ရှုံးထားတဲ့ ဖလမ်းမြို့ကို ပြန်ရရေးအတွက် ၂၀၂၅ အောက်တိုဘာလက စတင်ကာ အင်အား ထောင်သုံးအသုံးပြု၊ စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်နေပြီး ကလေး- သိုင်းငင်း -တီးတိန်-ဖလမ်း ကားလမ်းကြီးဘေးမှာ ရှိတဲ့ ထင်းရှုးစခန်း၊ ခွန်းလီကျေးရွာ၊ ဖလမ်းမြိုနဲ့ ၁၀မိုင် ကျော်အကွာ ကျေးရွာ၊ စုစုပေါင်း နေရာသုံးခုမှာ တပ်စွဲထားကာ အနီးဝန်းကျင်ကို လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“စစ်ကြောင်းက (ဖလမ်းမြို့ရဲ့) အရှေ့ဘက်က တစ်ကြောင်း၊ လမ်းမကြီးက တစ်ကြောင်း၊ ခွန်းလီ ကျေးရွာက တစ်ကြောင်းနဲ့ ထိုးနေတယ်၊ တိုက်ပွဲကတော့ နေတိုင်းလိုလို ဖြစ်နေတယ်”

ဖေဖော်ဝါရီ ၁၉ရက် မနေ့ကလည်း ဖလမ်းမြို့နယ် ခွန်းလီကျေးရွာနဲ့ လုမ်ဘန်းကျေးရွာအနီးကို စစ်အုပ်စုက ဗုံးကြဲ တိုက်ခိုက်တာကြောင့်  ကုန်ကားတစ်စီး  မီးလောင်ပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် မနေ့က ဟားခါးမြို့နယ် ဇိုခွာကျေးရွာနဲ့ စင်ခွာကျေးရွာကို စစ်အုပ်စု ဗုံးကြဲ တိုက်ခိုက် တာကြောင့် ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အာဏာသိမ်းကာလ ငါးနှစ်အတွင်း ချင်းပြည်တဝှမ်း စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုနဲ့ တိုက်ခိုက် သတ်ဖြတ်မှုကြောင့် အသက် ၁၀ နှစ်အောက် ကလေးသူငယ် ၃၀ကျော် အပါအဝင် စုစုပေါင်း လူ ၁,၁၈၀ ကျော် သေဆုံးခဲ့တယ်လို့ ချင်းပြည်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်တွေကို မှတ်တမ်းပြုစုနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Institute of Chin Affairs Inc. (ICA) က ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ခွန်းလီကျေးရွာအနီး လမ်းပေါ်မှာ ကုန်ကားတစ်စီးကို စစ်အုပ်စု ဒရုန်းနဲ့ ဗုံးကြဲလို့ မီး‌လောင်နေမှုနဲ့ ဒီကနေ့ ကျရောက်တဲ့ ချင်းအမျိုးသားနေ့မှာ ဖလမ်းနယ် ကျေးရွာတွေကို စစ်အုပ်စု ဗုံးပတ်ကြဲလို့ နေအိမ်တွေ မီးလောင်နေစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button