ဟားခါးမှာ ချင်းအမျိုးသားနေ့ ပွဲလုပ်နေတဲ့ စစ်အုပ်စုက လမ်းမှားဝင်လာတဲ့ ဆိုင်ကယ်စီး ပြည်သူကို ပစ်သတ်၊

ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၂၀
ချင်းပြည်မြို့တော် ဟားခါးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အယောင်ပြ ပျော်ပွဲရွှင်ပွဲ လုပ်နေလို့ လမ်းတချို့ကို ဖြတ်သန်းသွားလာခွင့်ပိတ်ချိန် လမ်းမှားဝင်လာမိတဲ့ ဆိုင်ကယ်စီး အမျိုးသားတစ်ဦးကို ပစ်သတ်လိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် ဒီကနေ့ မနက်ပိုင်း ဟားခါးမြို့မှာ အိမ်ကနေ စျေးဝယ်ဆိုပြီး ဆိုင်ကယ်စီး ထွက်သွားတဲ့ အသက် ၃၅အရွယ် စစ်ဘေးရှောင်ပြည်သူ အမျိုးသား တစ်ဦး စစ်အုပ်စုရဲ့ ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
“လမ်းပေါ် ဆိုင်ကယ်နဲ့ သွားတဲ့ အချိန် ပစ်ခံရတာ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူ အမျိုးသားဟာ ဖလမ်းမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဟားခါးမြို့ကို ပြောင်းရွှေ့ လာတဲ့ စစ်ဘေးရှောင်ပြည်သူဖြစ်ပြီးတော့ စျေးဝယ်သွားရင်း လမ်းမှားဝင်မိလို့ စစ်အုပ်စုရဲ့ ပစ်သတ်ခြင်း ခံရကာ အလောင်းကို ဒီမနက်ပိုင်း ကောက်ယူခဲ့ရပြီး ဦးခေါင်း ကျည်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီ ၂၀ရက်မှာ ကျရောက်တဲ့ ၇၈နှစ်မြောက် ချင်းအမျိုးသားနေ့အဖြစ် စစ်အုပ်စုက ဖလမ်းမြို့ပေါ် အယောင်ပြ ပျော်ပွဲရွှင်ပွဲ လုပ်နေပြီး အဲ့ဒီ ပွဲကို မင်းအောင်လှိုင် လက်အောက်ခံ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရာပြည့် လာတက်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ လုံခြုံရေး အကြောင်းပြကာ ဖလမ်းမြို့ပေါ်ရှိ စျေးဆိုင်တွေကို စျေးရောင်းခွင့် ပိတ်တာ၊ လမ်းပိတ်တာတွေ လုပ်ထားပြီး အထက်ပါအတိုင်း လမ်းမှားဝင်မိတဲ့ ပြည်သူကို ပစ်သတ်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ဟားခါးမြို့ပေါ်ရပ်ကွက် တွေမှာသာမက မြို့အဝင်အထွက်တွေကိုပါ ဟားခါး -ထန်တလန် လမ်း၊ ဟားခါး -ဖလမ်း ကားလမ်း၊ ဟားခါး- ဂန့်ဂေါလမ်းတွေမှာလည်း တားမြစ်စစ်ဆေးတာတွေ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လမ်းတွေကတော့ အကုန် ပိတ်ထားတယ်။ အစိမ်းကောင်တွေ အများကြီးပဲ လမ်းပေါ်မှာ”
ဖေဖော်ဝါရီ ၁၉ ရက် မနေ့ကလည်း ဟားခါးမြို့နယ်၊ ဇိုခွာကျေးရွာကို စစ်အုပ်စု လေကြောင်းဗုံးကြဲလို့ ဒေသခံပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာ ရကာ ဆေးကုသနိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟားခါးမြို့ပေါ် အာဏာသိမ်း စစ်အုပ်စုက လုပ်နေတဲ့ ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အယောင်ပြ ပျော်ပွဲရွှင်ပွဲကို ဒေသခံ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်တာ မလုပ်ဖို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF – Hakha (ဟားခါး)က တိုက်တွန်းထားပါတယ်။
ချင်းပြည်တွင်း ၁၂မြို့နယ် ရှိတဲ့အနက် ဒုတိယမြို့တော် ဖလမ်းမြို့ အပါအဝင် ရှစ်မြို့နယ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီး မြို့တော် ဟားခါး အပါအဝင် လေးမြို့နယ်ကို စစ်အုပ်စုက ဆက်လက် ထန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

ဟားခါးမြို့ပေါ် စစ်အုပ်စုက လုပ်တဲ့ ချင်းအမျိုးသားနေ့အထိမ်းအမှတ် အယောင်ပြ ပျော်ပွဲရွှင်ပွဲ/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



