MN/MFP ၊ ဖေဖော်ဝါရီ – ၂၀
စစ်ကိုင်းတိုင်း၊ မြောင်နဲ့ တန့်ဆည်မြို့နယ်တွေရှိ တိုက်နယ်ဆေးရုံနဲ့ နေအိမ်တွေကို အာဏာသိမ်း စစ်အုပ်စု ဒီကနေ့ မွန်းလွဲပိုင်း လေကြောင်းကနေ ဗုံးပတ်ကြဲတာကြောင့် ဒေသခံပြည်သူ သုံးဦး ဒဏ်ရာရကာ ဆေးရုံနဲ့ နေအိမ်တွေ ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် ဒီကနေ့ မွန်းလွဲပိုင်းအချိန် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ(gyrocopter)တွေနဲ့ ဗုံးပတ်ကြဲခဲ့တာလို့ ဆိုပါတယ်။
မြောင်မြို့နယ် အနောက်ခြမ်း၊ မြောင်-ပရိမ္မ ကားလမ်းပေါ်ရှိ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ နဘက်ကျေးရွာကို ဒီကနေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်မှာ စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ သုံးစင်းနဲ့ ဗုံးကြဲတာကြောင့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီး နှစ်ဦး အပါအဝင် ရွာခံပြည်သူ သုံးဦး နေအိမ်နဲ့ နွားစာတဲတချို့ မီးလောင်ပျက်စီးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ဂျိုင်ရိုကော်ပတာနဲ့ လာကြဲသွားတာ။ ဒေသခံ သုံးယောက် ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အထဲက အမျိုးသားတစ်ဦးကတော့ စိုးရိမ်ရတယ်”
ဇန်နဝါရီ ၅ ရက်ကလည်း နဘက်ကျေးရွာကို စစ်အုပ်စု ဂျိုင်ရိုကော်ပတာနဲ့ ပေါင် ၁၂၀ ဗုံး သုံးလုံး ကြဲချခဲ့တာကြောင့် အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးနဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသား တစ်ဦးတို့ သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ဒီကနေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်မှာလည်း တန့်ဆည်မြို့နယ်၊ ကုန်းရိုးကျေးရွာ တိုက်နယ်ဆေးခန်းကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ သုံးစင်းနဲ့ ဗုံးကြဲခဲ့ပါတယ်။
“ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ ကျေးလက်ဆေးပေးခန်းကို ဗုံးသီး သုံးလုံးချသွားတာပါ။ ဆေးခန်းကတော့ အကုန်လုံး ပျက်စီးသွားပါတယ်။ အဲဒီ တိုက်နယ်ဆေးခန်းက အသုံးပြုတဲ့ ဆေးခန်းလည်း မဟုတ်သလို ဖွင့်ထားတဲ့ ဆေးခန်းလည်း မဟုတ်ပါဘူး။ အဓိက,ကတော့ ကျေးလက်ဆေးခန်းတွေမှာ တော်လှန်ရေး တပ်ဖွဲ့တွေ ရှိတယ်ဆိုတဲ့ အထင်နဲ့ ဗုံးလာချတာပါ။ အဲဒီဆေးခန်းက ဘာမှ အသုံးမပြုဘဲ ပိတ်ထားတဲ့ ဆေးခန်းပါ။ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူးဗျ”လို့ တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ တာဝန်ခံက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ နမခ ကနေတဆင့် စစ်ကိုင်းတိုင်းထဲရှိ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ အရာတော်၊ မြင်းမူ၊ မြောင် စတဲ့ မြို့နယ်တွေကို ဂျိုင်ရိုကော်ပတာ၊ စက်တပ်လေထီး(paramotor)တွေနဲ့ နေ့စဉ် ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၆ ဦး သေဆုံးကာ ၄၁၄၆ ဦး ထိခိုက်ဒဏ်ရာ ရပြီး နေအိမ် ၃၅၇၆ လုံး၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၂ လုံး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၆ လုံးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က သတင်းထုတ်ပြန်ထားပါတယ်။
တန့်ဆည်နယ် ကုန်းရိုးရွာ ကျေးလက်ဆေးခန်းနဲ့ မြောင်နယ် နဘက်ရွာနေအိမ်တွေကို စစ်အုပ်စုက ဂျိုင်အိုကော်ပရာ သုံးစင်းနဲ့ ဗုံးပတ်ကြဲလို့ ထိခိုက်ပျက်စီးမှုတွေကို တွေ့ရစဉ်/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



