ဗိုလ်နဂါးရဲ့ လက်ရုံး BNRA ဒု-ဥက္ကဌနဲ့ စစ်ရေးတာဝန်ခံတို့ အပါအဝင် ငါးဦး စစ်အုပ်စုထံ ပူးပေါင်း၊
NUG က ဖမ်းထားတဲ့ BNRA စစ်ကြောင်းမှူးတွေ အသက်အန္တရာယ်ကင်းတယ်လို့ NUG ထုတ်ပြ၊

မှူးအိန်ဂျယ်လ် / MFP ၊ ဖေဖော်ဝါရီ – ၂၀
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးရဲ့ လက်ရုံးတွေဖြစ်တဲ့ BNRA ဒုဥက္ကဋ္ဌ ကိုဖြိုးနဲ့ စစ်ရေးတာဝန်ခံ ကိုလတ် အပါအဝင် တပ်ဖွဲ့ဝင် ငါးဦးဟာ ဒီကနေ့ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ ပူးပေါင်းလာတယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။
ဖေဖေါ်ဝါရီ ၂၀ရက် ဒီကနေ့ မွန်းလွဲပိုင်း BNRA အဖွဲ့က ဒုတိယအဖွဲခေါင်းဆောင် တစ်ဦး၊ တတိယ တာဝန်ခံအဆင့်ရှိသူ တစ်ဦး အပါအဝင် အဖွဲဝင် ငါးဦးဟာ လက်နက်မျိုးစုံ ငါးလက်၊ ဆက်စပ် ပစ္စည်းနဲ့အတူ ပုလဲမြိုနယ်အတွင်းရှိ စစ်အုပ်စုကို ဆက်သွယ်ပြီး ဘက်ပြောင်းခိုလှုံတာလို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုထံ လက်နက်ချသွားသူတွေကို စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားတာ ဖြစ်တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၂၈) တပ်ရင်းရဲ့ IO က MFP ကို ပြောပါတယ်။
“ရဟတ်ယာဉ်နဲ့ သယ်ထုတ်သွားတယ်လို့ ယူဆရပါတယ်။ ပုလဲမြို့ ဘောလုံးကွင်းကနေ ကယ်ထုတ်သွားတာပါ”
စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ ဘက်ပြောင်းသွားတဲ့ BNRA ငါးဦးထဲမှာ ဗိုလ်နဂါးရဲ့ ယောက်ဖ တော်စပ်သူဖြစ်တဲ့ BNRA ဒု-ဥက္ကဌ ကိုဖြိုး၊ စစ်ရေးတာဝန်ခံ (စစ်ကြောင်းမှူး) ကိုလတ်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
“ဒီအထဲက ဓာတ်ပုံထဲမှာ ညာအစွန်မှာ ရပ်နေသူဟာ “ငလတ်” ဖြစ်ပြီး BNRA စစ်ရေးတာဝန်ခံ ကိုလတ် ဖြစ်တယ်”လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ ခေါင်းဆောင် ကိုဇော်ထက်က MFP ကို အတည်ပြုပြောပါတယ်။
စစ်အုပ်စု သတင်းဖြန့်တဲ့ ပုံတွေအရ “ဘယ်အစွန်က နဂါးယောက်ဖ ကိုဖြိုး BNRA ရဲ့ ဒုဥက္ကဋ္ဌ တာ၀န်ယူထားသူ၊ ညာအစွန်က ကိုလတ် စစ်ရေးတာ၀န်ခံ စစ်ကြောင်းမှူးပါ။ အလယ် ဘယ်စွန်က မင်းထွဋ်၊ ငထက်၊ စာကလေး။ (ကိုလတ်ဆိုသူဟာ) အညာမြေ အိုစည်သံတွေ ဝေစေရမယ်ဆိုပြီး အွန်လိုင်းမှာ ကြွေကြော် စာတင်ခဲ့သူပါ” လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။
အဲ့ဒီ BNRA အဖွဲ့ဝင် ငါးဦးဟာ ဗိုဘ်နဂါး စစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ဖေဖေါ်ဝါရီ ၁၈ရက်ကတည်းက ဗိုဘ်နဂါးနဲ့အတူ ပါသွားတယ်လို့ ယူဆရကြောင်း ကိုဇော်ထက်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောပါတယ်။
“ကိုဖြိုး၊ ကိုလတ်တို့က ဖေဖော်ဝါရီ ၁၈ ရက် ကတည်းက အတူပါသွားတယ်လို့ ယူဆရပါတယ်။ မျက်မြင်တွေ ပြောတာအရ ဆိုင်ကယ် သုံးစီးနဲ့ အမျိုးသား ခြောက်ယောက်က သေတ္တရာ(ရွာ)ဘက်မှာ ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေထဲ ဝင်သွားတယ်ဆိုတော့ ဗိုလ်နဂါးနဲ့ သူ့လက်ရုံးတွေ ပါသွားတယ်လို့ ကောက်ချက်ချထားတာပါ”
BNRA စစ်ရေးတာဝန်ခံ၊ တတိယအဆင့်တာဝန်ခံ ကိုလတ်ဟာ ယခင်က ကရင်ပြည်နယ်ဘက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နောက်ပိုင်းမှာ ဗိုလ်နဂါး လက်အောက်ကို ဝင်ရောက်ကာ လက်ရှိ BNRA ရဲ့ စစ်ရေးတာဝန်ခံအဖြစ် တာဝန်ယူထားသူ ဖြစ်တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ဗိုဘ်နဂါး အပါအဝင် ရာဇဝတ်မှု ကျူးလွန်ထားသူတွေကို ဖမ်းဆီးအရေးယူဖို့လို့ ဆိုကာ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဖေဖေါ်ဝါရီ ၁၇ရက် မနက်ပိုင်းက စတင်ကာ ပုလဲနယ်ထဲရှိ BNRA ရဲ့ ဂိတ်စခန်းတွေကို အင်အားသုံး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဖေဖေါ်ဝါရီ ၁၈ရက်မှာ ဗိုဘ်နဂါးက စစ်အုပ်စုထံ ပူးပေါင်းသွားပြီး ယခုထပ်မံကာ ဗိုလ်နဂါးရဲ့ လက်ရုံး၊ BNRA ငါးဦး စစ်အုပ်စုထံ ပူးပေါင်းတာ ဖြစ်ပါတယ်။
NUG အနေနဲ့လည်း BNRA ဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ချိန် စစ်ကြောင်းမှူး အပါအဝင် BNRA ရဲဘော်တချို့ကို ဖမ်းဆီးရမိထားပြီး BNRA လက်အောက်ခံ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀ ခန့်ဟာ NUG ထံ လာရောက် အဖမ်းခံ၊ လက်နက်အပ်၊ ပူးပေါင်းခဲ့တယ်လို့ NUG က ဖေဖော်ဝါရီ ၁၈ ရက်မှာ ကြေညာထားပါတယ်။
NUG အနေနဲ့ BNRA ဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်တာဟာ တရားခံဖမ်းတာလို့ ကနဦးက ကြေညာခဲ့ပေမယ့် BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်အုပ်စုထံ လက်နက်ချ ပူးပေါင်းသွားပြီးနောက် BNRA ကို တော်လှန်ရေးရဲ့ ဆူးငြှောင့်ခလုတ်အဖြစ် သတ်မှတ်ကာ စစ်အင်အားသုံး ဖယ်ရှားခဲ့တာ ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဒီကနေ့ ဖေဖေါ်ဝါရီ ၂၀ရက်မှာ NUG ဖမ်းမိထားသူတွေထဲက BNRA စစ်ကြောင်းမှူးတွေဖြစ်တဲ့ တကိုယ်တော်သုဘရာဇာနဲ့ သခင်ဒေါင်းညိုတို့ အသက် အန္တရာယ် ကင်းရှင်းကြောင်း NUG ဘက်က လူမူကွန်ယက်မှာ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။
“တကိုယ်တော် သုဘရာဇာ၊ ဒေါင်းညို ကျနော့်လက်ထဲမှာပါ။ ဥပဒေအတိုင်းတော့ အပြစ်ရှိခံရမယ်၊ အပြစ်မရှိ မခံရဘူး။ အသက်မပြောနဲ့ ဆံတမျှင်တောင် မကျွတ်ဘူး။ ငါတို့များ လုပ်ချင်တာလုပ်တဲ့အဖွဲ့ မှတ်နေလား။ BNRA ရဲဘော်များ ကျန်နေသေးလို့ ပူးပေါင်းပါ။ ကျနော့် ဆက်သွယ်ပါ။ မင်းတို့ အပြစ်မရှိရင် ခဏတော့ ငါတို့အစီအစဥ်အတိုင်းနေရမယ်။ ပြီးရင် အရာအားလုံး အေးမယ်။ စစ်ခွေးနဲ့တော့ မင်းတို့ မပေါင်းနဲ့။ အပြစ်ရှိရင်တော့ ခံယူပေါ့။ ဒါတောင် ငါတို့ နားလည်မှာ ခွင့်လွှတ်မှာပါ။ အတွေး ထပ်မမှားနဲ့၊ အရွေးထပ်မမှားနဲ့” လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ဒုတာဝန်ခံ စစ်ရေး ဒေါက်တာနန်းဝင်း က လူမူကွန်ယက်မှာ ဖော်ပြပါတယ်။
BNRA က ထုတ်ပေးထားတဲ့ လက်နက်ကိုင်ဆောင်ထားသူတွေကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ပကဖတွေနဲ့ ဆက်သွယ်ပြီး လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ လာရောက်အပ်နှံဖို့လည်း ယင်းမာပင်ခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ပုလဲနယ်ထဲ အင်အားဖြည့်နေပြီး မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ ပုလဲမြို့ပေါ်ကို MI-17 ရဟတ်ယာဉ်နဲ့ ၁၈ ကြိမ် ဆင်းသက်ကာ အင်အားဖြည့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


BNRA စစ်ရေးတာဝန်ခံ ကိုလတ်နဲ့ ဗိုလ်နဂါး၊ စစ်အုပ်စုထံ ဘက်ပြောင်းတဲ့ BNRA အဖွဲ့ဝင်တွေကို တွေ့ရစဉ်/Photo – စစ်အုပ်စု၊ CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



