မန္တလေးသတင်းအညာမြေ တော်လှန်ရေး

တောင်သာမြို့အနီး ကျေးရွာတွေကို စစ်အုပ်စု စစ်ကြောင်းပတ်ထိုး၊ မီးရှို့နေ၊

ဒေသခံတွေကို ဖမ်းပြီး ဓားစာခံ လူသားဒိုင်း အသုံးချ၊

အီသာရမ်၊ MN/MFP ၊ ဖေဖော်ဝါရီ-၂၁

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့အနီးရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ စစ်ကြောင်းပတ်ထိုးကာ နေအိမ်တွေ ဖောက်ထွင်းလုယက်၊ မီးရှိုပဖျက်ဆီးနေပြီး ပြည်သူတွေကိုလည်း ဖမ်းဆီးကာ ဓားစာခံ လူသားဒိုင်းကာအဖြစ် အသုံးချနေတယ်လို့  ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် မနေ့က မနက်ပိုင်း စစ်အုပ်စု ခန့်မှန်းအင်အား ၅၀ ခန့်ဟာ တောင်သာမြို့ တောင်ဘက် တစ်မိုင်ခန့်အကွာရှိ ညောင်တိုကျေးရွာကို စီးနင်းလုယက်ကာ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ည ကတည်းက ရွာမှာ တပ်စွဲထားတာလေ၊ ရွာထဲကို မီးရှို့ပြီး အခု ရွာမြောက်ဘက်က ကျွန်းရွာကနေ အခု ခြုံကြီးကနေ စစ်ကြောင်း ထပ်ထိုးနေတယ်၊ ရွာထဲက ဆန်တို့၊ စပါးတို့ ယူသွားသေးတယ်”

အဲ့ဒီ စစ်အုပ်စုဟာ ညောင်တိုကျေးရွာရှိ နေအိမ်တွေကို ဖောက်ထွင်းခိုးယူ၊ ချက်ပြုတ်စားသောက်ကာ ဘုန်းကြီးကျောင်းထဲ ညအိပ်ပြီးနောက် ဒီမနက်ပိုင်း ခြံကြီးရွာက ပြည်သူတွေကို ဖမ်းဆီး၊ ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချကာ ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

“အခု စစ်ကြောင်းက ခြုံကြီး ရွာသား ခုနှစ်ယောက်လောက် ဖမ်းခေါ်သွားတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ညောင်တို၊ ခြုံကြီးစတဲ့ တောင်သာမြို့ တောင်ဘက်ခြမ်းရှိ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေက စစ်ဘေးရှောင် ထွက်ပြေးနေရကာ နီးစပ်ရာ တောတိုက်တွေမှာ ဖြစ်သလို ခိုလှုံနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ညောင်တိုကျေးရွာကို စီးနင်းလုယက်ကာ ဘုန်းတော်ကြီးတစ်ပါး မီးရှို့သတ်ဖြတ်သလို ရွာကို မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၅၀ ကျော် မီးလောင်ပြာကျခဲ့ပါသေးတယ်။

ညောင်တိုကျေးရွာဟာ အိမ်ခြေ ၃၀၀ ခန့်နဲ့လူဦးရေ ၁၅၀၀ ခန့် နေထိုင်နေတဲ့ ကျေးရွာဖြစ်ပြီး စစ်အုပ်စုက မကြာခဏ စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းဗုံးကြဲတာတွေကြောင့် ကျေးရွာအတွင်းရှိ အိမ်ခြေ ၇၀ကျော် ပြာကျခဲ့ပြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ တောင်သာမြို့ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ ကျေးရွာတွေကို စစ်အုပ်စုက ဖေဖော်ဝါရီလဆန်းက စတင်ကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ စီးနင်းလုယက်၊ မီးရှို့နေပါတယ်။

ဖေဖေါ်ဝါရီ ၁၃ ရက်မှာ တောင်သာမြို့အရှေ့ဘက်မှာရှိတဲ့ ပဲခင်းကျော်ရွာကို စစ်အုပ်စုက စီးနင်းလုယက်ပြီးနောက် ကျေးရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း အပါအဝင် ရွာကို မီးတင်ရှို့လို့ အိမ်ခြေ ၅၀ ကျော် ပြာကျခဲ့ပါတယ်။

“ပဲခင်းကျော်ရွာကို စစ်ကြောင်းဝင်လာတဲ့အခါမှာ ပြည်သူတွေ ဖမ်းဆီးရိုက်နှက်ခံရတာမျိုးတွေ ရှိတယ်။ နောက်ပြီး မီးရှို့ပြီးတော့ ဘုန်းကြီးကျောင်း အဆောက်အအုံမှာ စာရေးသွားတာ။…။ အခုလည်း စစ်ကြောင်းက ကျွန်တော်တို့နဲ့ မနီးမဝေး အခြေအနေမှာ ဆက် ရှိနေသေးတယ်။ စစ်ကြောင်းမှာ ဖမ်းဆီးခံရတဲ့ ပြည်သူတွေ ရှိတယ်၊ တချို့ အတော်များများလည်း ပြန်လွတ်တယ်။ မလွတ် သေးတာတွေလည်း ရှိနိုင်သေးတာပေါ့” လို့ ပဲခင်းကျော်ရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

ပဲခင်းကျော်ရွာဟာ အိမ်ခြေ ၂၅၀ ကျော် ရှိတဲ့ ရွာဖြစ်ပြီး စစ်အုပ်စုက စီးနင်းလုယက် မီးရှို့လို့ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ် ၅၀ နီးပါး မီးလောင်ပြာချခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ မြေပဲ၊ ပဲစင်းငုံ စတဲ့ ကောက်ပဲသီးနှံတွေကို စစ်အုပ်စုက ၁၂ ဘီးကားတွေနဲ့ ခိုးယူသယ်ဆောင်သွားသလို မသယ်နိုင်တဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီး၊ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေကို ရေကန်ထဲ ပစ်ချဖျက်ဆီးခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သာက ဆိုပါတယ်။

အဲ့ဒီ တောင်သာမြို့အရှေ့ဘက်ခြမ်း ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုဟာ အလယ်ချိုင့်၊ ဒါန်းဒိုင်၊ နဘဲကန် စတဲ့ ကျေးရွာတွေကို ဆက်လက် စီးနင်းဝင်မွှေနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် တောင်သာမြို့နယ် အရှေ့ခြမ်းရှိ ပဲခင်းကျော်၊ မိုးနှောင်းခင်း၊ မကြီးပင်တဲ၊ အလယ်ချိုင့်၊ ဒါန်းဒိုင်း၊ နဘဲကန်၊ ဇရပ်ကြီး စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး စတဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။

တောင်သာမြို့ တောင်ဘက်ရှိ ညောင်တိုကျေးရွာကို ဖေဖေါ်ဝါရီ ၂၀ရက် မနေ့က မနက်ပိုင်းနဲ့ ၂၀၂၅ နိုဝင်ဘာလက စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button