မန္တလေးသတင်း

မန္တလေး Sky Villa ကွန်ဒိုပြိုကျချိန် ပျက်စီးတဲ့ ကားနဲ့ ဆိုင်ကယ်တွေ စုပုံးတဲ့နေရာ မီးလောင်၊

ဖိုးချို/MFP၊ ဖေဖေါ်ဝါရီ – ၂၁

မန္တ‌လေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ရေစစ်ကန်အနီးရှိ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုမှာ ကားနဲ့ ဆိုင်ကယ် အပျက်အစီးတွေ စုပုံထားတဲ့‌နေရာမှာ  ဖေဖေါ်ဝါရီ ၂၁ရက် ဒီ‌ကနေ့ မွန်းလွဲပိုင်း မီးထပ်လောင်ခဲ့တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

ငလျင်ကြောင့် ကွန်ဒိုပြိုကျချိန် ကားနဲ့ဆိုင်ကယ်တွေပါ ပျက်စီးခဲ့တာ ဖြစ်ပြီး အဲ့ဒီ အပျက်အစီးတွေ စုပုံထားတဲ့နေရာ မီးလောင်တာလို့ ဆိုပါတယ်။

“”ကားအဟောင်းတွေ ရှင်းရင်း EVကားကနေ ရှော့ဖြစ်ပြီး မီးလောင်တာလို့ သိရတယ်၊ အောက်က တာယာတွေ၊ လောင်စာတွေ ထပေါက်ပြီး မီးလောင်တာပါ၊ အထဲမှာတော့ အစီးရေတော့ တော်တော် များမယ် ပုံထားတာ”  လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ကားတာယာ‌တွေနဲ့ ဆီတိုင်ကီတွေ မီး‌လောင်ခဲ့တာကြောင့် မီးခိုးမဲ‌တွေ လုံးတက်လာပြီး အဲ့ဒီ မီးလောင်မှုကို စစ်အုပ်စု မီးသတ်တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ဘေးပတ်ဝန်းကျင် ကူးစက်မှုမရှိဘဲ နာရီဝက်ခန့်အကြာမှာ မီးငြိမ်းတယ်လို့ ဆိုပါတယ်။

Sky Villa ကွန်ဒိုဟာ ၁၁ထပ်အမြင့် လေးလုံးတွဲ အဆောက်အဦး ဖြစ်ပြီး မန္တလေးမြို့၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြား၊ လမ်း ၆၀  ပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ဒဿမ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်‌ကြောင့် Sky Villa ကွန်ဒို ပြိုကျကာ အသက်ရှင်လျက် ကယ်ထုတ်နိုင်သူ ၅၂ ယောက်၊ သေဆုံး ရုပ်အလောင်း ၂၀၆ လောင်းကို ရှာဖွေတွေ့ရှိခဲ့တယ် စစ်အုပ်စုက ထုတ်ပြန်ခဲ့ထားပါတယ်။

ငလျင်ဒဏ်သင့် နိုင်ငံတဝန်း လူ ၅၀၀၀ ဝန်းကျင် သေဆုံးခဲ့ရာ Sky Villa ကွန်ဒို ပြိုကျမှုဟာ လူအသေအပျောက် အများဆုံး ဖြစ်ခဲ့ပါတယ်။

အဲ့ဒီ Sky Villa ကွန်ဒို အာဏာသိမ်း စစ်အုပ်စုက မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးထားတဲ့၊ ယခင် စည်ပင်ဝန်ထမ်းဟောင်း ဦးမျိုးအောင်က တာဝန်ခံအင်ဂျင်နီယာအဖြစ် တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ကွန်ဒိုပိုင်ရှင်က NTL ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်ပါတယ်။

ငလျင်ကြောင့် ကွန်ဒိုရုတ်တရက်ပြိုကျကာ လူအသေအပျောက်များတဲ့ကိစ္စနဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စုက Sky Villa ကွန်ဒို ပိုင်ရှင် NTL ဆောက်လုပ်ရေး ကုမ္ပဏီကို တရားစွဲထားပါတယ်။

မန္တလေး Sky Villa ကွန်ဒို ပြိုကျချိန် ပျက်စီးတဲ့ ကားနဲ့ဆိုင်ကယ်တွေ စုပုံးထားတဲ့နေရာ မီးလောင်စဉ်/Photo – မီးသတ်

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button