မြင်းမူမှာ စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ကလေးငယ်တွေ အပါအဝင် ၁၀ ဦး သေဆုံး၊

MN/MFP ၊ ဖေဖော်ဝါရီ – ၂၄
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက ရွှေကျောင်းကန်ကျေးရွာကို ဖေဖော်ဝါရီ ၂၃ ရက် မနေ့က ည (၇) နာရီဝန်းကျင်မှာ အာဏာသိမ်း စစ်အုပ်စုက စက်တပ်လေထီး(paramotor) သုံးစင်းနဲ့ ဗုံးကြဲတာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ (၁၀) ဦး သေဆုံးတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဆီစက်လုပ်ငန်းလုပ်ကိုင်နေတဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် နှစ်ဦး အပါအဝင် ဒေသခံ ကိုးဦး ကနဦး သေဆုံးခဲ့ကာ နောက်ထပ် တစ်ဦးကတော့ ဆေးဝါး ကုသမှုခံယူနေစဉ် ထပ်မံ သေဆုံးတာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။
“ရွာထဲက ဆီစက်မှာ ဆီကြိတ်နေတဲ့အချိန်ပေါ့။ အဲဒီနေရာကို လာရောက် တိုက်ခိုက်သွားတာပါ။ ကနဦး အနေနဲ့ ပြည်သူ ကိုးဦး သေဆုံးခဲ့တာပေါ့နော်။ နောက်ပြီးတော့ ဆေးကုသနေရင်းနဲ့မှ နောက်ထပ် တစ်ယောက် ထပ်မံသေဆုံးခဲ့တာပါ။ သေဆုံးသူ ၁၀ ဦးထဲမှာ ကလေးငယ် နှစ်ဦးလည်း ပါတယ်ဗျ။ သေဆုံးသူတွေကတော့ မိသားစုဝင်တွေရော၊ မိသားစုမဟုတ်တဲ့ တခြားသူတွေလည်း ပါတယ်” လို့ မြင်းမူဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အခင်းဖြစ်တဲ့နေရာမှာတင် ကလေးငယ် နှစ်ဦး အပါဝင် စုစုပေါင်း အမျိုးသား ငါးဦးနဲ့ အမျိုးသမီး လေးဦး သေဆုံးခဲ့တာ ဖြစ်ပြီး နောက်ထပ် အမျိုးသား တစ်ဦးကတော့ ဆေးဝါးကုသမှု ခံယူနေချိန် ထပ်မံသေဆုံးခဲ့တာပါ။ သေဆုံးသူတွေရဲ့ နာမည်နဲ့ အသက်အရွယ်တွေကိုတော့ စာရင်းပြုစုနေဆဲဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် ဗုံးစထိမှန်ပြီး ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် ဆေးဝါးကုသမှုခံယူနေရသလို နွားနှစ်ကောင်လည်း သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။


မြင်းမူမြို့နယ်ထဲမှာ စစ်အုပ်စုက မြေပြင်ကနေ စစ်ကြောင်းထိုးမီးရှို့တာတွေ ကျူးလွန်နေသလို လေကြောင်းကပါ စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာတွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ မကြာခဏ သေဆုံးထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပေါ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

ပြည်သူကို လိုက်လံ ဗုံးကြဲသတ်ဖြတ်ဖို့ မုံရွာမြို့ နမခ က ပျံတက်လာတဲ့ စက်တပ်လေထီးတစ်စင်းကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – Aung Khant Zaw
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



