စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မြင်းမူမှာ စစ်အုပ်စုက ရွာပေါ် ဗုံးပတ်ကြဲလို့ ကလေးတွေ အပါအဝင် ၁၀ ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ၊

သေဆုံး၊ ဒဏ်ရာရသူ ၁၅ဦးထဲ ကလေးသူငယ် လေးဦး ပါဝင်ကာ ရှစ်ဦးဟာ အမျိုးသမီးတွေ ဖြစ်၊

MN/MFP ၊ ဖေဖော်ဝါရီ – ၂၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာကို မနေ့ကညဦးပိုင်း အာဏာသိမ်း စစ်အုပ်စုက စက်တပ်လေထီး (paramotor)တွေနဲ့ ဗုံးပတ်ကြဲတာကြောင့် ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် မနေ့က ည ၇နာရီအချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ စက်တပ်လေထီး သုံးစင်းနဲ့ ရွှေကျောင်းကန်ကျေးရွာရှိ ဆီကြိတ်စက်ကို ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ အသက် သုံးနှစ်နဲ့ ၁၁နှစ်အရွယ် မိန်းကလေးငယ်တွေ အပါအဝင် အမျိုးသား ငါးဦးနဲ့ အမျိုးသမီး ငါးဦး၊ စုစုပေါင်း ၁၀ ဦးဖြစ်ပြီး အသက် လေးနှစ်နဲ့ ခုနစ်နှစ်အရွယ် ကလေးသူငယ်တွေ အပါအဝင် ဒေသခံ ငါးဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညက စက်တပ်လေထီး သုံးစီးနဲ့ ရွှေကျောင်းကန်ကျေးရွာကို လာရောက် တိုက်ခိုက်သွားတာ။ အဲဒီမှာ ရွာထဲက ဆီစက်မှာ ဆီကြိတ်နေတဲ့အချိန်ပေါ့၊ အဲဒီနေရာကို လာရောက် တိုက်ခိုက်သွားတာပါ။ ကနဦး အနေနဲ့ ပြည်သူ ကိုးဦး သေဆုံးခဲ့တာပေါ့။ နောက်ပြီးတော့ ဆေးကုသနေရင်းနဲ့မှ နောက်ထပ် တစ်ယောက် ထပ်မံ သေဆုံးခဲ့တာပါ။ သေဆုံးသူ ၁၀ ဦးထဲမှာ ကလေးငယ် နှစ်ဦးလည်း ပါတယ်ဗျ။ သေဆုံးသူ တွေကတော့ မိသားစုဝင်တွေရော၊ မိသားစုမဟုတ်တဲ့ တခြားသူတွေလည်း ပါတယ်”လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ဗုံးထိမှန်ပြီး သေဆုံးသူတွေဟာ အသက် သုံးနှစ်အရွယ် မဇွန်ယမုံ၊ အသက် ၁၁ နှစ်အရွယ် မပြည့်ပြည့်ဝင်း၊ အသက် ၂၅ နှစ်အရွယ် မသီတာဦး၊ အသက် ၅၀ အရွယ် ဒေါ်မိုးမိုး၊ အသက် ၆၅ နှစ်အရွယ် ဒေါ်ကြည်တင်၊ အသက် ၂၈ နှစ်အရွယ် ကိုအောင်မာဝင်း၊ အသက် ၃၁ နှစ်အရွယ် ကိုရဲမင်း၊ အသက် ၄၅ နှစ်အရွယ် ဦးဝင်းလွင်၊ အသက် ၅၀ အရွယ် ဦးဇော်ထွန်း၊ အသက် ၅၈ နှစ်အရွယ် ဦးစိုး တို့ ဖြစ်ပါတယ်။

ရွှေကျောင်းကန်ရွာဟာ မြင်းမူနယ်အရှေ့မြောက်ခြမ်း၊ ဧရာဝတီမြစ်ရိုးမှာ တည်ရှိပြီး တိုက်ပွဲမရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ လာရောက် ဗုံးကြဲသတ်ဖြတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အိုးအိမ်တွေ ပျက်စီးသလို နွားနှစ်ကောင်လည်း သေဆုံးတယ်လို့ ဆိုပါတယ်။

မြင်းမူမြို့နယ်ထဲ စစ်အုပ်စုက မြေပြင်ကနေ စစ်ကြောင်းထိုးမီးရှို့တာနဲ့ စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ မကြာခဏ သေဆုံး ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

မြင်းမူမြို့နယ် ရွှေကျောင်းကန်းကျေးရွာကို စစ်အုပ်စုက စက်တပ်လေထီးတွေနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ရာ ကျေးရွာအတွင်း ဆီစက်လုပ်ငန်း လုပ်ကိုင်တဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရခဲ့စဉ်/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button