စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဂန့်ဂေါ ဟံသာဝတီရွာ ပျူစခန်းရှိ စစ်အုပ်စုနဲ့ ပျူတွေ ရိက္ခာပြတ်ကာ ငတ်နေ၊

ဆားတစ်ပိဿာ ကျပ်ရှစ်သောင်းကျော် စျေးပေါက်၊

ဂျိုးဖြူ/MFP၊ ဖေဖေါ်ဝါရီ – ၂၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာ ပျူစောထီးခန်းရှိ စစ်အုပ်စု၊ ပျူနဲ့ ပျူမိသားစုတွေ ရိက္ခာပြတ်ကာ ငတ်နေပြီး ဒေသတွင်း ခိုးယူလုယက် စားသောက်ဖို့လည်း အခက်တွေ့နေကြတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က စတင်ကာ ဟံသာဝတီရွာ ပျူစခန်းမှာ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငပိစတဲ့ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်နေတာ ဖြစ်ပြီး လက်ရှိမှာ ဆားတစ်ပိဿာကို ကျပ် ရှစ်သောင်းကျော်အထိ စျေးပေါက်နေတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါနဲ့ ကလေးမြို့နယ်အစပ်မှာ ရှိတဲ့ ဟံသာဝတီကျေးရွာဟာ အိမ်ခြေထောင်ချီရှိတဲ့ ရွာကြီး ဖြစ်ပြီး ရွာခံ အများစုဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)ကို ထောက်ခံကြသူတွေ ဖြစ်ကာ အာဏာသိမ်း ပြီးနောက် စစ်အုပ်စုက ရွာခံတွေကို စစ်သင်တန်းပေး၊ လက်နက်ထုတ်ပေးကာ ပျူစောထီးအဖြစ် လက်သပ်မွေးထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းစက စစ်အုပ်စုနဲ့ ပူးပေါင်းကာ လက်နက်အားကိုးနဲ့ ဒေသတွင်း ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့၊ ဖောက်ထွင်းခိုးယူတာတွေ ထင်တိုင်းကျဲ ကျူးလွန်ခဲ့ကြပေမယ့် တော်လှန်ရေး တပ်တွေ အားကောင်း လာတာနဲ့အမျှ ခိုးယူလုယက်တာတွေ မလုပ်ဝံ့တော့ဘဲ အခုလို ရိက္ခာပြတ်ပြီး ငတ်နေတာလို့ ဆိုပါတယ်။

ရိက္ခာပြတ်ကာ ငတ်နေတဲ့ ဟံသာဝတီရွာရှိ ပျူနဲ့ ပျူမိသားစုတွေအတွက် အဏာသိမ်း စစ်အုပ်စုက ကလေးမြို့ကနေတဆင့် ရဟတ်ယာဉ်နဲ့ တစ်လ တစ်ခါ၊ နှစ်ခါဆိုသလို ရိက္ခာလာပို့၊ ရောင်းချတာ ရှိပြီး ရွာခံ ပျူနဲ့ ပျူမိသားစုတွေ အနေနဲ့ အဲ့ဒီလို တခါတရံ စစ်အုပ်စု လာရောင်းချတဲ့ စားနပ်ရိက္ခာကို မီခိုကာ မတန်ဆတ စျေးနဲ့ ဝယ်ယူ စားသောက်နေကြရတယ်လို့ အဲ့ဒီရွာကနေ ထွက်ပြေး လွတ်မြောက်လာသူ တစ်ဦးက MFP ကို ပြောပါတယ်။

“ရဟတ်ယာဉ်က ရိက္ခာလာချတာက တစ်လ တစ်ခေါက်လောက် လာတာ၊ ရဟတ်ယာဉ်က လာပေမဲ့ ရိက္ခာမပါဘူး၊ တစ်လ တစ်ခါ၊ နှစ်ခါမှာပဲ ပါတယ်။ ရွာထဲမှာ စျေးဆိုင်တွေက အကုန် ပိတ်ထားရတယ်”

လက်ရှိမှာ ဟံသာဝတီရွာအတွင်း ဆားတစ်ပိဿာ ကျပ်ရှစ်သောင်းကျော်၊ ထန်းလျက်  (လက်သီးလုံးခန့် တစ်လုံးကို) တစ်သောင်း၊ ကွမ်းရွက်တစ်ပိဿာ တစ်သိန်းကျော်၊ ဆေးလိပ်တစ်စည်း  ခြောက်သောင်း စျေးပေါက်နေပြီး လိုသလောက် ဝယ်ယူလို့ မရသလို ရွာထဲ စျေးဆိုင်လည်း မရှိဘူးလို့ သူက ဆက် ပြောပါတယ်။

“ရွာသားတွေ ထွက်ပြီး တန်းစီရတာ၊ လေယာဉ်ရိက္ခာ လာပို့ပြီဆို အကုန်လုံး တန်းစီရတာ၊ ဆန်တွေ၊ ဆီတွေ ခွဲတန်းနဲ့ ဝယ်ရတာ၊ လိုချင်တိုင်းတော့ ဝယ်လို့မရဘူး။ ငပိတော့ အလကား ဝေတာ ရှိတယ်။ ခွဲတန်းနဲ့ ဝေတာ၊ မိသားစု တစ်စုဆို ထမင်းစားဇွန်းနဲ့ တစ်အိမ်သုံးဇွန်း ပေးတယ်”

ယခုလတွေအတွင်း စစ်အုပ်စုက ဟံသာဝတီရွာအတွက် ရိက္ခာ လာရောက်ရောင်းချမှု မရှိတာကြောင့်  ဆီ၊ ဆား၊ ငါးပိ၊ ကွမ်းသီး၊ ကွမ်းရွက်၊ ဆေးလိပ် အပါအဝင် စားသောက်ကုန်တွေ အားလုံး ပြတ်လပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်း သုံးစွဲတဲ့ ငွေကြေးတွေဟာလည်း ဟောင်းနွမ်းစုတ်ပြတ်နေပြီးတော့ ငွေစက္ကူမရှိတာကြောင့် စျေးရောင်းစျေးဝယ်ရာမှာ ကုန်ပစ္စည်းချင်း တန်းဘိုးသင့် လဲလှယ်တာမျိုး လုပ်နေကြရတယ်လို့လည်း ဟံသာဝတီရွာအနီး နေထိုင်သူဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“ငွေသားက လုံးဝ ကိုင်လို့ မရတော့တာ၊ ပိုက်ဆံတွေက အကုန် ပြဲကုန်တာ၊ ကုန်ပစ္စည်းချင်း လဲကြရတယ်”

ကျေးရွာအတွင်း ရိက္ခာပြတ်ပြီး ငတ်နေပေမဲ့ စစ်အုပ်စုက ရွာခံတွေကို အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းတာ၊ လက်နက်ထုတ်ပေးပြီး ပျူအဖွဲ့ထဲ ပါဝင်ခိုင်းတာ၊ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းတာတွေ ပိုမို လုပ်ဆောင်နေသလို ပိုမိုတင်းကြပ် စစ်ဆေးတာတွေ လုပ်နေပြီး ရွာခံတွေ ထွက်မပြေးနိုင်ရေး ကျွဲကျောင်း၊ နွား‌‌ကျောင်းဖို့ ရွာပြင်ထွက်ရာမှာလည်း မှတ်ပုံတင်ပြ၊ လက်မှတ်ထိုး ထွက်ရတယ်လို့ ဆိုပါတယ်။

“ရွာပြင် ကျွဲကျောင်း၊ နွား‌ကျောင်း၊ ချီးပါ၊သေးပေါက် (သွားမယ်ဆိုရင်) မှတ်ပုံတင် ပေးရတယ်။ လက်မှတ်ထိုးပြီးမှ ထွက်ရတယ်” လို့ ထွက်ပြေးလွတ်မြောက်လာသူက ပြောပါတယ်။

ယခုရက်ပိုင်း ဟံသာဝတီရွာ ပျူစခန်းရှိ စစ်အုပ်စုနဲ့ပျူ ပူးပေါင်းအဖွဲ့နဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်အုပ်စုက ရွာကို လုံခြုံရေး ပိုမို တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄နဲ့ ၂၀၂၅ ခုနှစ်အတွင်း  ဟံသာဝတီရွာရှိ စစ်အုပ်စ လက်ကနေ အသက်လု ထွက်ပြေးကာ လွတ်မြောက်လာတဲ့ ရွာခံပြည်သူ မိသားစု  ၃၀၀၀ ကျော် ရှိပြီး အဲ့ဒီ ပြည်သူတွေကို စောင့်ရှောက်ထားတယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဟံသာဝတီကျေးရွာဟာ ကလေး- ဂန့်ဂေါ လမ်းမကြီးဘေးမှာ တည်ရှိပြီးတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း နယ်နိမိတ် နှစ်ခု အပေါ်မှာ တည်ရှိပါတယ်။

ဟံသာဝတီရွာအနီးမှာ ဘူးလက်လှဆွေခေါ် စစ်ဗိုလ်ဟောင်း၊ ကြံ့ဖွံ့အမတ်ဟောင်း လှဆွေ ကြီးစိုးထားတဲ့ မြောက်ခင်ရန်းရွာ ပျူစခန်းလည်း ရှိပြီး မြောက်ခင်ရန်းရွာလည်း ဟံသာဝတီရွာလို ရိက္ခာပြတ်ပြီး ငတ်နေပေမယ့် ပျူအင်အားများလို့ တခြားရွာတွေကို စီးနင်းကာ ဖောက်ထွင်းလုယက် စားသောက် နေထိုင်နိုင်ကြသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါနယ် ဟံသာဝတီရွာရှိ စစ်အုပ်စု ပျူတွေကို တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button