မန္တလေးသတင်းအညာမြေ တော်လှန်ရေး

မိုးကုတ်မှာ စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်၊ လဝက မှာ လူထောင်ချီ စည်ကား၊

မှူးအိန်ဂျယ်လ် / MFP၊ ဖေဖော်ဝါရီ – ၂၅

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အာဏာသိမ်း စစ်အုပ်စုက စစ်အုပ်ချုပ်ရေး ယန္တရားတွေ ပြန် လည်ပတ်နေပြီး မှတ်ပုံတင် ထုတ်ပေးတဲ့ လဝက (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန) ရုံးတွေမှာ နေ့စဉ် လူထောင်ချီ ကြိတ်ကြိတ်တိုး စည်ကားနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာမှာ တအာင်းတပ် – TNLA က စစ်အုပ်စုထံ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုက မြို့ကို လက်ခံရရှိပြီးနောက် လေးလအကြာ ဖေဖေါ်ဝါရီ ဒုတိယပတ်မှာ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်တာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မိုးကုတ်မြို့ ဆေးရုံနဲ့ ကျောင်းတွေကို ဌာနဆိုင်ရာရုံးတွေအဖြစ် အသွင်းပြောင်းကာ ဒေသခံတွေကို အကာအကွယ်ယူ၊ ရုံးတွေ ဖွင့်ထားပြီး မှတ်ပုံတင်၊ စမတ်ကဒ်၊ အိမ်ထောင်စုဇယား ထုတ်ပေးတဲ့ လုပ်ငန်းတွေကို လုပ်နေတယ်လို့ ဆိုပါတယ်။

“လဝကမှာ လူတွေ ပြုံတိုးနေကြတယ်။ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတွေ လုပ်ပေးနေတော့ နေ့တိုင်း လူအများကြီး လာကြတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မိုးကုတ်မြို့အနှံ့ ဂိတ်တွေဖွင့်ကာ လမ်းသွားလမ်းလာတွေကို တားဆီး စစ်ဆေးတာ၊ ဖုန်းနဲ့ မှတ်ပုံတင် စစ်ဆေးတာတွေ လုပ်နေပြီး အထောက်အထား စာရွက်စာတမ်း မပြနိုင်ပါက ငွေညှစ်တာကြောင့် မြို့ခံတွေအနေနဲ့ စစ်အုပ်စုထံ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားတွေ အလုပ်အယက် လုပ်နေကြရတာလို့ ဆိုပါတယ်။

“အစစ်အဆေးကတော့ အသွားအပြန် အချိန်စာရင်း ပေးရတယ် ” လို့ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ကူးသန်းသွားလာဖို့ စစ်အုပ်စုရဲ့ ခွင့်ပြုချက် ရယူကြရကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စု အနေနဲ့ မိုးကုတ်မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့နဲ့ အုပ်ချုပ်ရေးယန္တရား အလုံးစုံ လည်ပတ်နိုင်ဖို့ ကြိုးစားနေပြီး Non- CDM ဝန်ထမ်းတွေကို ခေါ်သွင်းနေသလို ရန်ကုန်၊ မန္တလေးလို စစ်အုပ်စု ကြီးစိုးရာ မြို့တွေမှာ စစ်ဘေးရှောင်နေသူတွေကိုလည်း နည်းမျိုးစုံသုံးကာ မိုးကုတ်မြို့မှာ ပြန်နေထိုင်ခိုင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ မိုးကုတ်မြို့ပေါ် ပြန်လည် နေထိုင်သူတွေ ရှိသလို စစ်အုပ်စု ရန်နဲ့ တိုက်ပွဲတွေ ထပ်ဖြစ်မှာကို စိုးရိမ်တာကြောင့် မြို့ထဲ ပြန်မလာကြသေးဘဲ ဆက်လက် စစ်ဘေးရှောင် နေကြသူတွေလည်း ရှိနေဆဲလို့ ဆိုပါတယ်။

မိုးကုတ်မြို့ပေါ် စစ်အုပ်စု ကြီးစိုးထားသလို တော်လှန်ရေး တပ်တွေကလည်း မြို့အနီးဝန်းကျင် နေရာယူထားပြီး ပစ်ခတ်တိုက်ခိုက်သံတွေလည်း ကြားနေရဆဲလို့ မြို့ခံတွေက ပြောပါတယ်။

“မနေ့ကနဲ့ တစ်နေ့ကတော့ လက်နက်ကြီး ပစ်ခတ်တာတွေ များပါတယ်။ ကျပ်ပြင် အနောက်ပိုင်း၊ ကျောက်ဆင်ဘက်ကို လက်နက်ကြီး ၂၂ လုံးကျော် ပစ်ချခဲ့တယ်။ မြို့ထဲမှာတော့ အစစ်အဆေးတွေ ရှိနေတာက လွဲပြီး လူသွားလာ စည်ကားနေဆဲပါ။ PDF တွေက ကျောက်ဆင်–ဘော်မားဘက်ကနေ ထိုးစစ် ဝင်လာတာကြောင့် အခုလည်း ဒီဘက်ကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ ငါးလုံးလောက် ရှိနေပြီ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့ကို တနေ့ထက်တနေ့ ပိုမို ကြီးစိုးလာနိုင်တဲ့ စစ်အုပ်စုက နေအိမ်တွေ ချိတ်ပိတ်တာ၊ လမ်းသွားလမ်းလာတွေကို ဖမ်းဆီး ငွေညှစ်တာတွေ ပိုမို အရှိန်မြှင့် လုပ်နေပြီး ဖေဖော်ဝါရီ ၆ ရက်က မိုးကုတ်မြို့ မင်းတံတားရပ်ကွက်ရှိ နေအိမ်နဲ့ ဆိုင်အချို့ကို စစ်အုပ်စုက စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်း လုယက်ပြီးနောက် ချိတ်ပိတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်မြို့ကို TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ၂၀၂၄ ဇွန်လမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် တရုတ်ရဲ့ အကြပ်ကိုင်ကြောင်းမှုကြောင့် ၂၀၂၅ နိုဝင်ဘာမှာ စစ်အုပ်စုထံ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ရပါတယ်။

မိုးကုတ်မြို့ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို စစ်အုပ်စုက လဝက ရုံးအဖြစ် အသွင်ပြောင်းကာ မှတ်ပုံတင်နဲ့ အိမ်ထောင်စု ထုတ်ပေးနေလို့ စစ်အုပ်စုထံ မှတ်ပုံတင် လာလုပ်သူတွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #MDYPDF

Related Articles

Back to top button