ဖောင်းပြင်မှာ စစ်အုပ်စုက တိုက်လေယာဉ်၊ Y-12၊ ဂျိုင်အိုတွေနဲ့ အကြိမ် ၄၀ ကျော် ဗုံးကြဲမှု ထိခိုက် ပျက်စီးမှု များ၊ ဒေသခံ သေဆုံးမှုရှိလည်းရှိ၊
ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၂၆
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ဒီကနေ့ တနေကုန် ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ ဂျိုင်အိုကော်ပတာ – Gyrocopter တွေနဲ့ ထင်တိုင်းကျဲ ဗုံးပတ်ကြဲခဲ့ရာ ပျက်စီးဆုံးရှုံးမှု များပြားပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖေဖေါ်ဝါရီ ၂၆ရက် ဒီကနေ့ မနက် ၁၁နာရီကျော်က စတင်ကာ ညနေ ၆နာရီကျော်အထိ စစ်အုပ်စုက ဟောင်ဇောင်းကျေးရွာ စျေးတန်းကို တနေကုန် ဗုံးပတ်ကြဲသတ်ဖြတ်နေတာလို့ ဆိုပါတယ်။
“အဆက်မပြတ် ကြဲနေတယ်ဗျ၊ နေခင်း ၁၁ နာရီကနေ ကြဲတာ၊ လေယာဉ် သုံးစီးနဲ့ ပတ်ကြဲတာ။ အခုထိ မနားသေးဘူး” လို့ ဒေသခံတစ်ဦးက ဒီကနေ့ ညနေ ၆နာရီကျော်အချိန်မှာ MFP ကို ပြောပါတယ်။
ဗုံးကြဲခံရလို့ ကျေးရွာအတွင်းရှိ နေအိမ်၊ စျေးဆိုင်၊ ကား၊ ဆိုင်ကယ်၊ စတာတွေ မီးလောင် ပျက်စီးပြီး ဒေသခံပြည်သူတွေ ထိခိုက် သေဆုံးမှု ရှိကာ စစ်အုပ်စုက တနေကုန် အဆက်မပြတ် ဗုံးကြဲနေလို့ ထိခိုက်၊ သေဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“မြေပြင်ရဲ့ အနေအထားကိုတော့ အသေးစိတ် မသိရသေးဘူးဗျ။ အထိအခိုက်တော့ ရှိတာတော့ ရှိတယ်။ နည်းသလား၊ များသလား ဆိုတာ မသိရသေးတာ”
ဟော်ဇောင်းကျေးရွာ စျေးတန်းနေရာတွေကို ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ၁၆ ကြိမ်၊ Y-12 လေယာဉ် နဲ့ ၂၂ ကြိမ်၊ ဂျိုင်အိုကော်ပတာ သုံးစင်းနဲ့ သုံးကြိမ်၊ စုစုပေါင်း ၄၁ ကြိမ် ဗုံးကြဲတာလို့ ဆိုပါတယ်။
တိုက်လေယာဉ် ၁၄ စင်း၊ Y-12 လေယာဉ် လေးစင်း၊ ဂျိုင်အိုကော်ပတာ သုံးစင်းနဲ့ ကင်းထောက် လေယာဉ် နှစ်စင်းတို့နဲ့ ပတ်ပျံကာ ထင်တိုင်းကျဲ ဗုံးကြဲနေတာလို့ ဆိုပါတယ်။
အဲ့ဒီ ဟော်ဇောင်းရွာမှာ တိုက်ပွဲမရှိ၊ စစ်ရေးလှုပ်ရှားမှုလည်း မရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ လာရောက် ဗုံးကြဲတာ ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ ရှိမယ်ထင်တဲ့နေရာနဲ့ လူစည်ကားတဲ့ နေရာတွေကို အဆက်မပြတ် ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဟော်ဇောင်းကျေးရွာဟာ ဖောင်းပြင်နဲ့ ပင်လည်ဘူးမြို့နယ်အစပ်မှာ ရှိတဲ့ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျတဲ့ ကျေးရွာကြီးဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်က စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပဲနုပ်ဆွတ်ရွာကို စစ်အုပ်စုက ဂျိုင် အိုကော်ပတာတွေနဲ့ ဗုံးပတ်ကြဲခဲ့ရာ အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်အုပ်စုဟာ နိုင်ငံတဝန်း ထင်တိုင်းကျဲ ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ အတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။
ဖောင်းပြင်မြို့နယ် ဟော်ဇောင်းကျေးရွာကို စစ်အုပ်စုက တနေကုန် အကြိမ် ၄၀ ကျော် ဗုံးကြဲလို့ ပျက်စီးတဲ့ အိုးအိမ်၊ စျေးဆိုင်နဲ့ ယာဉ်ယန္တရားတွေ/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



