စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဗိုလ်နဂါး အခြေပြုရာ ကျေးရွာတွေကို စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုး မီးရှို့နေပြီး တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်းခိုးယူ ကားနဲ့ သယ်ထုတ်၊

စစ်ဘေးရှောင်ပြည်သူတွေ စားသောက်နေထိုင်ရေး ခက်ခဲသလို ရာသီဥတု ပူပြင်းတဲ့ဒဏ်ပါ ခံစားနေရ၊

သုထက်/MFP၊ ဖေဖော်ဝါရီ – ၂၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA အခြေပြုခဲ့ရာ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက က်လက် ရွာစဉ်ပတ်မွှေ စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေပြီး ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

ဖေဖေါ်ဝါရီ ၂၄ရက် မနက်ပိုင်း ပုလဲမြို့ပေါ်နဲ့ ပုလဲနယ် ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းက ထွက်လာတဲ့ စစ်အုပ်စုဟာ ပုလဲနယ်ရှိ BNRA အခြေပြုလှုပ်ရှားခဲ့ရာ ကျေးရွာတွေဖြစ်တဲ့ နွယ်အင်း၊ ချင်ပျစ်ကျင်းနဲ့ ချင်ပစ်ကျေးရွာတွေကို စီးနင်းပြီးနောက် နေအိမ်တွေ ဖောက်ထွင်း၊ တန်ဘိုးရှိ ပစ္စည်းတွေကို ခိုးယူ သယ်ထုတ်ကာ မီးတင်ရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် ချင်ပျစ်ကျင်း၊ နွယ်အင်း၊ ချင်ပျစ်၊ ပေါက်သဖ၊ ကြာစီ၊ ပိတောက်ကုန်း စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်မယ်ထင်တဲ့ နေရာတွေဆီ ထွက်​ပြေးတိမ်းရှောင် နေကြရပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒေသခံ စစ်ဘေးရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။

“ပြည်သူက နဂါးစခန်း လာတာလို့ တရားသေ မှတ်ပြီး ဘေးလွတ်ရာ ရှောင်တိမ်းနေကြတယ်”

ပြည်သူတွေ စစ်ဘေးရှောင်ရတာ လေး၊ငါးရက်ကြာ ရှိလာပြီး တောတောင်အတွင်း ခိုလှုံနေရတာကြောင့် ရာသီဥတု ပူပြင်းတဲ့ဒဏ်ကိုပါ ခံစားနေကြရကာ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်လို့လည်း အဲ့ဒီ စစ်ရှောင်အမျိုးသားက ပြောပါတယ်။

နွယ်အင်းနဲ့ ချဥ်ပျစ်ကျင်းကျေးရွာတွေကို စီးနင်းလုယက်၊ မီးရှို့တဲ့ စစ်အုပ်စုဟာ ဖေဖော်ဝါရီ ၂၆ရက် မနက်ပိုင်းမှာ ချင်ပျစ်ရွာကို ဆက်လက် စီးနင်းပြီးနောက် ဖောက်ထွင်းခိုးယူနေသလို ရွာရဲ့ အနောက်တောက်ဖက်ရှိ ဆည်တော်ဦးကုန်းမှာ ဖြန့်ခွဲ နေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ အထက်ပါ ကျေးရွာတွေကို စီးနင်းချိန် နေအိမ်တွေ ဖောက်ထွင်းပြီးနောက် တန်ဘိုးရှိ ပစ္စည်းတွေကို ခိုးယူကာ ကားနဲ့တင်ပြီး ပုလဲမြို့ပေါ်နဲ့ ဇီးဖြူကုန်းရွာ ပျူစခန်းဘက် သယ်ထုတ်နေတာလို့ ဆိုပါတယ်။

“စစ်ကြောင်းက အင်အား ၄၀၀ ကျော်တယ်၊ ဆီ၊ဆန်၊ကုလားပဲ၊ ပဲစင်းငုံအိတ်တွေကို ကားတွေပေါ် တင်ပြီး သယ်နေတယ်” လို့ ဒေသခံ ရပ်ကျေး ပကဖအဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA အဖွဲ့တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့အတွက်လို့ ဆိုကာ ဖေဖေါ်ဝါရီ ၁၇ရက်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ – ​NUG တပ်တွေက BNRA ဂိတ် စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ဗိုလ်နဂါးနဲ့ အပေါင်းအပါတချို့ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်းခိုလှုံခဲ့ပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုက ဖေဖေါ်ဝါရီ ၁၈ရက်နဲ့ ၁၉ရက်တွေမှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကတဆင့် ပုလဲမြို့ကို MI-17 နဲ့ စစ်အင်အားဖြည့် ပို့ဆောင်ပြီးနောက် ပုလဲမြို့အနီးရှိ သေတ္တရာ၊ မင်းတိုင်ပင်နဲ့ ဇီးဖြူကုန်းရွာတွေထဲ ဖြန့်ခွဲဝင်ရောက် နေရာယူထားသလို BNRA  အခြေပြု လှုပ်ရှားခဲ့ရာ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စီးနင်းလုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ပုလဲနယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ လုယက်၊ မီးရှို့၊ ဖောက်ထွင်းခိုးယူနေတဲ့ ကျေးရွာတွေ/Photo – အညာမြေပုလဲ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button