ညောင်ဦးမှာ စစ်အုပ်စု ကားကို တိုက်ခိုက်ရာ လေးယောက် သေ၊ လက်နက်တွေ ရ၊

အီသာရမ်/MFP ၊ ဖေဖော်ဝါရီ-၂၈
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်း လမ်းပိုင်းမှာ မနေ့က မနက်ပိုင်း စစ်အုပ်စု ကားတစ်စီးကို တော်လှန်ရေးတပ်တွေက စောင့်ဆိုင်းတိုက်ခိုက်ရာ ကားပေါ်ပါ စစ်အုပ်စု လေးယောက် သေပြီး လက်နက်လေးလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ Pakokku Special Task Force က သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် မနက် ၈ နာရီခန့်က ညောင်ဦးမြို့ကနေ ထွက်လာတဲ့ စစ်အုပ်စု ငါးယောက်ပါတဲ့ ကားကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာပါ။
“ကျွန်တော်တို့ ပစ်တဲ့အချိန်မှာ ကားက မီတာ၂၀၀လောက် အဝေးမှာ သူတို့ အရှိန်ပါတော့ ရောက်သွားတယ်၊ သူတို့ဘက်က ပြန်ပစ်တာနဲ့ မိနစ် ၂၀ လောက်ဖြစ်တဲ့ အချိန်မှာ အလောင်း လေးလောင်း ရလိုက်တယ်၊ တစ်ယောက်ကတော့ လွတ်သွားတယ် “ လို့ Pakokku Special Task Force က ရဲဘော်ဓာတ်ဗူးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Pakokku Special Task Force(ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ)၊ Bagan-Nyaung Oo Special Task Force နဲ့ မကွေးတိုင်း ပကဖ အမှတ်-၄ အထူးလှူပ်ရှား စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုထံကနေ MA3 နှစ်လက်၊ ကာဘိုင် နှစ်လက်နဲ့ ကျည်အမျိုးအစားအစုံတို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ပြည်သူကို ပေါ်တာဆွဲ ငွေညှစ်တာတွေ လုပ်နေတဲ့ စစ်အုပ်စု ဖြစ်တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားတဲ့နေရာနဲ့ စစ်အုပ်စု ရှိရာ တောင်ဇင်းရဲစခန်းဟာ နှစ်မိုင်ခန့်အကွာမှာ ရှိပြီး လုံခြုံရေး အခြေအနေကြောင့် အမြန်ဆုတ်ခွာခဲ့ရသလို စစ်အုပ်စု စီးနင်းလာတဲ့ ကားကို မောင်းနှင်လို့ မရတာကြောင့် ထားခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ညောင်ဦးမြို့နယ်အတွင်းမှာ တောင်ယာလုပ်ကိုင်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေသလို ကျေးရွာတွေကို မီးရှို့တာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာတွေကို ကျူးလွန်နေပြီး ဒေသခံတချို့ စစ်ဘေးရှောင်နေကြရပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



