မန္တလေးသတင်း

မန္တလေးမြို့ပေါ်မှာ စစ်အုပ်စုက ‌ညပိုင်း ဖမ်းဆီး‌ငွေညှစ် ပေါ်တာဆွဲတာတွေ ပိုလုပ်လာ၊

ရထားဂိတ်၊ ကားဂိတ်အနီး လူအသွားအလာများတဲ့ လမ်းတွေမှာ ဖမ်းဆီး၊ ပေါ်တာဆွဲနေ၊

ဖိုးချို/MFP၊ ဖေဖေါ်ဝါရီ – ၂၈

မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက ညနေပိုင်းနဲ့ ညပိုင်းအချိန် ရပ်ကွက်တချို့ကို ပိတ်ဆို့စီးနင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်တာတွေ အတုအယောင် ရွေးကောက်ပွဲအပြီး ပိုမို လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ လုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း ပေါ်တာဆွဲဖမ်းဆီး၊ သွေညှစ်တာတွေ နည်းနည်း လျော့သွားတယ်လို့ ထင်ရပေမယ့် ယခုရက်ပိုင်း နှစ်ဆတိုး ဖမ်းဆီးနေတယ်လို့ ယူဆရပြီး စစ်အုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲနဲ့ ပျူစောထီးတွေက ဖမ်းဆီးငွေညှစ် ပေါ်တာဆွဲတာတွေ လုပ်နေကြတာလို့ ဆိုပါတယ်။

မန္တလေးမြို့ အနောက်ဘက်ခြမ်းလို့ ဆိုရမယ့် ၈၄လမ်း အောက်ပိုင်း၊ ရပ်ကွက်တွေမှာ ပေါ်တာဆွဲ၊ ဖမ်းဆီး တာတွေ ညနေတိုင်း၊ ညတိုင်း ရှိတယ်လို့ အဲ့ဒီ မန္တလေးအနောက်ဘက်ခြမ်း ရပ်ကွက်တွေမှာ နေထိုင်သူတွေက ပြောပါတယ်။

“လကုန်ခါနီး ဖြစ်တာရယ်၊ လွှတ်တော်ခေါ်ပြီးရင် အရင်လို လုပ်မရမှာစိုးလို့ ရသလောက် ငွေ ပိုရှာနေကြတဲ့ အချိန်ဆိုတော့ ဂရုစိုက်ကြပါ၊ လူငယ်တွေ အပြင်မှာ မိုးချုပ်အောင်မနေဘဲ အိမ်စောစော ပြန်ကြပါ၊ အခုဟာက ဘာစစ်လို့ စစ်ချင်မှန်းမသိဘူး၊ ဆိုင်ကယ်၊ ယာဉ်စစ်တာလိုလို၊ လုံခြုံရေး စစ်တာလိုလို၊ ပေါ်တာဆွဲချင်တာလိုလိုနဲ့” လို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မဟာအောင်မြေမြို့နယ်မှာ ည ၉နာရီဝန်းကျင်အချိန် ဆိုင်ကယ်စီး သွားလာနေတဲ့ လူငယ်တစ်ဦးကို စစ်အုပ်စုက ပေါ်တာဆွဲလို့ မိသားစုက ချက်ချင်း နောက်ကလိုက် ရွေးထုတ်ရာ နာရီပိုင်းအတွင်း ကျပ်သိန်း၁၀၀ လောက် ကုန်တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်နဲ့ အရပ်ဝတ် စစ်အုပ်စုက အုပ်စုဖွဲ့ လမ်းပေါ်တက်ပြီး ဆိုင်ကယ်နဲ့ ကားတွေကို တားဆီး စစ်ဆေး ငွေညှစ်တာ၊ ဆိုင်ကယ်တွေကို တူးဘောက်ဖွင့် စစ်တာ၊ ဖုန်းတွေ စစ်ဆေးငွေညှစ်တာတွေ လုပ်နေပြီး လူငယ်တချို့ကိုတော့ ပေါ်တာဆွဲ ဖမ်းခေါ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယခုရက်ပိုင်း မန္တလေးမြို့ပေါ်ရှိ ရထားဂိတ်၊ ကားဂိတ်နဲ့အနီး လူအသွားအလာများတဲ့ နေရာတွေမှာ စစ်အုပ်စုက ရှောင်တခင် စစ်ဆေး၊ ပေါ်တာဆွဲတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ မဟာမုနိ ဘုရားကြီး အရှေု့မုခ်ရှိ လိုင်းကားဂိတ်နဲ့ ကား၊ဆိုင်ကယ် အသွားအလာများတဲ့ နေရာမှာ စစ်အုပ်စု အရပ်ဝတ်နဲ့ လက်နက်ကိုင်တချို့က ကား၊ ဆိုင်ကယ်နဲ့ လိုင်းကားတွေကို တားဆီးငွေညှစ်နေပြီး လူငယ်တချို့ကို ပေါ်တာဆွဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ငွေ(ညှစ်ဖို့)က အဓိက နေမှာပေါ့။ ကုန်ကား၊ လိုင်းကားတွေ တားတယ်။ လူငယ်တွေတော့ (ဆိုင်ကယ်) ဦးထုပ် မပါတာမျိုးတွေနဲ့ ငယ်တာတွေ ရွေးတားတဲ့ပုံ။ ယာဥ်တိုင်း၊ ဦးထုပ်မပါတဲ့ဆိုင်ကယ်တိုင်းကို မတားပါဘူး။ နောက်ထပ် (ပြီးတော့) စာရွက်စာတမ်း မပြည့်စုံရင် ဖမ်းတာမျိုး ထင်ရပေမယ့် မော်တော်ပီကယ် မပါဘူး၊ ရဲချည်းပဲ ငါးယောက်၊ ခြောက်ယောက်လောက်။ လက်ထဲမှာ သေနတ်ရှည်ကိုင်ပြီး တစ်ယောက်က တားတာ။ ကောင်လေး သုံးယောက်လောက်ကို (ပေါ်တာဆွဲ) ခေါ်သွားတာမျိုး ရှိတယ်” လို့ ဘုရားကြီးအရှေ့မုခ်မှာ စစ်အုပ်စုက ပေါ်တာဆွဲ ငွေညှစ်နေကြောင်း မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်အုပ်စုရဲ့ ပေါ်တာတွဲ ဖမ်းဆီးခံရသူ ၂၀ ဦး ရှိပြီး ယခု ဖေဖေါ်ဝါရီ ၁ ရက်ကနေ ၁၀ ရက်အထိ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ ၂၃ ဦး ရှိတယ်လို့ သတင်းပေးပို့မှု ရရှိခဲ့ကြောင်း မန္တလေးမြေပြင်ကင်းထောက် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Voice Of Mandalay (Vomdy) က ဆိုပါတယ်။

စစ်အုပ်စုဟာ သူတို့ လုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို မဲလာထည့်ကြဖို့နဲ့ မဲပေးသူ များရင် ပေါ်တာ မဆွဲတော့ဘူးလို့ မန္တလေးမြို့ပေါ် ရပ်ကွက်ထဲ လိုက်လံစည်းရုံးခဲ့ပေမဲ့ လက်ရှိမှာတော့ ပေါ်တာဆွဲတာတွေ ပိုများလာတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

စစ်အုပ်စုဟာ ပေါ်တာဆွဲ ဖမ်းဆီးလို့ရသမျှ လူငယ်တွေထဲက ငွေနဲ့လာရွေးထုတ်သူကို ပြန်လွှတ်ပေးကာ ငွေမပေးနိုင်သူကို ရက်တို စစ်သင်တန်းတက်ခိုင်းပြီးနောက် တိုက်ပွဲဖြစ်တဲ့ နေရာတွေဆီပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။

မန္တလေးကနေ ပေါ်တာဆွဲ ဖမ်းခေါ်လာတဲ့ လူငယ်တွေကို စစ်အုပ်စုက စစ်သင်တန်းပေးဖို့ ပြင်ဆင်နေစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button