NUG နှင့် SRA စစ်ဆင်ရေး၊ ထောက်လှမ်းရေးနဲ့ နိုင်ငံရေးကိစ္စတွေ ဆွေးနွေး၊
မိတ်ဖက်ပဋိပက္ခကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းဖို့ သဘောတူခဲ့ဟု SRA အဖွဲ့ဝင် ဆို၊

တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းဖို့ ကြိုးစားနေတယ်လို့ NUG ပြော၊
မှုးအိန်ဂျယ်လ်/MFP၊ ဖေဖော်ဝါရီ – ၂၈
အမျိုးသား ညီညွတ်ရေးအစိုးရ – NUGနဲ့ နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု – SRA တို့ ယမန်နေ့က တွေ့ဆုံပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးနဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာတွေကို ဆွေးနွေးခဲ့တယ်လို့ နှစ်ဖက်လုံးက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၇ရက် မွန်းလွဲပိုင်းက အွန်လိုင်းကတဆင့် NUG နဲ့ SRA တပ်ပေါင်းစုလို့ ၄၅ မိနစ်တာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပြီး NUG ရဲ့ ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ မူဝါဒနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။
NUG အနေနဲ့ NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေးတပ်တွေအပေါ် သဘောထားကို မေးမြန်း အတည်ပြုနိုင်ခဲ့ပြီး မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းဖို့ သဘောတူညီခဲ့တယ်လို့ SRA အဖွဲ့ဝင်၊ ဗမာပြည်သူ့လွှတ်မြောက်ရေးတပ်တော် – BPLA ဦးဆောင်သူ မောင်ဆောင်းခ က ဆိုပါတယ်။
“SRA ကိစ္စတွေအပြင် SRA ထဲ မပါဝင်ကြသေးတဲ့ တပ်ဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုပါ သေချာ ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် NUG လက်အောက်ခံ မဟုတ်တဲ့ တပ်တွေအပေါ် NUG ရဲ့သဘောထားကို မေးမြန်း အတည်ပြုနိုင်ခဲ့ပါတယ်။ NUG နဲ့ SRA အကြား အပြန်အလှန် အသိအမှတ်ပြုနိုင်ကြဖို့၊ ကျေလည်သော ညီညွတ်ရေးကို အတူတကွ တည်ဆောက်နိုင်ကြဖို့နဲ့ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့ နည်းနဲ့သာ ဖြေရှင်းနိုင်ကြဖို့ကို သဘောတူညီခဲ့ကြပါတယ်” လို့ မောင်ဆောင်းခက လူမူကွန်ယက်မှာ ရေးပါတယ်။
SRA နဲ့ တွေ့ဆုံဆွေးနွေးရာမှာ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD ဝန်ကြီး ဦးရည်မွန်က NUG၊ MOD ရဲ့ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်လို့ NUG ကလည်း ထုတ်ပြန်ပါတယ်။
“မူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေး ဦးဆောင်မှု ဆိုင်ရာများကို ရင်းနှီးပွင့်လင့်စွာ ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်လက် တွေ့ဆုံ ဆွေးနွေးရေး ရှေ့လုပ်ငန်းစဉ်များ ချမှတ်” နိုင်ခဲ့တယ်လို့ MOD က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အခြေပြု ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ကို NUG က အင်အားသုံး စီးနင်းတိုက်ခိုက်ခဲ့ရာ BNRA ရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျန်ဇီလူငယ်မျိုးဆက် တပ်တော် – GZA စခန်းကိုပါ NUG တပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ GZA က ထုတ်ပြန်ထားပါတယ်။ GZA ဟာ SRA တပ်ပေါင်းစု အဖွဲ့ဝင်ဖြစ်ပြီး အဲ့ဒီ တိုက်ခိုက်မှုအပြီး ရက်ပိုင်းအကြာမှာ NUG နဲ့ SRA တို့ အခုလို တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အုပ်စု အနေနဲ့ တော်လှန်ရေး အင်အားစုတွေကြား နည်းမျိုးစုံသုံး သွေးခွဲနေသလို ယခု ၂၀၂၆ ခုနှစ်အတွင်း စစ်အုပ်စုက တော်လှန်ရေးကို ထိုးခွဲဖို့ ကြိုးစားတဲ့ လုပ်ရပ်တွေ ပိုမို လုပ်ဆောင်လာမှာ ဖြစ်လို့ တော်လှန်ရေး အင်အားစုတွေကြား ပိုမို စုစည်း ညီညွတ်ဖို့ တွေ့ဆုံ ဆွေးနွေးတာ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က MFP ကို ပြောပါတယ်။

“ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့က တော်လှန်ရေး အင်အားစုတွေ အချင်းချင်းမှာ စုစည်းညီညွတ်မှု တစ်ခုနဲ့ ပူးပေါင်းဆောင်နိုင်မယ်ဆိုရင် အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့ ဖျက်သိမ်းနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ ဒီအတွက်ပေါ့နော် ကျွန်တော်တို့တွေ တောက်လျှောက် ညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အထူးသဖြင့် ဒီ ၂၀၂၆ ဆိုရင်လည်းပဲ အကြမ်းဖက် စစ်တပ်ဘက်က နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေဘက်ကို ထိုးခွဲတဲ့ကိစ္စတွေက အများကြီး ဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီကာလက ကျွန်တော်တို့ရဲ့ စုစည်းညီညွတ်မှုကို ပိုပြီးတော့ ခိုင်ခိုင်မာမာ စုစည်းထားနိုင်မှ ဖြစ်မယ်လို့ ကျွန်တော် ဒီလိုပဲ ယုံကြည်ပါတယ်။ ဒါကြောင့်မလို့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့ရော၊ ဒီ SRA လိုမျိုး ဒီကျွန်တော်တို့ Alliance အဖွဲ့တွေနဲ့ရောပေါ့နော် အကုန်လုံးနဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲ့တော့ SRA နဲ့ကတော့ ကျွန်တော်တို့တွေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စတွေရယ်၊ နောက်ပြီးတော့ Local Defence Force ပေါ့၊ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကျွန်တော်တို့ မူဝါဒပေါ့နော်၊ မူဝါဒထားရှိတဲ့ သဘောထား ဒါတွေကိုလည်းပဲ ကျွန်တော်တို့ ဆွေးနွေးခဲ့တာ ရှိတယ်။ အဲနောက်ပြီးတော့ တော်လှန်အင်အားစုတွေ အချင်းချင်းကြားမှာ ကျွန်တော်တို့တွေ တစ်စုံတစ်ရာ အကြောင်းကိစ္စတွေ ရှိလာခဲ့တယ်ဆိုရင် ဒါဟာ မိတ်ဖက်ဖြစ်တာနဲ့အညီ ကျွန်တော်တို့တွေ အေးအေးချမ်းချမ်းပေါ့နော်၊ ကျွန်တော်တို့ ဖြေရှင်းနိုင်ဖို့ဆိုတဲ့ သဘောတူညီမှုတွေလည်း ရရှိခဲ့တာ ရှိပါတယ်ဗျ။ အဲ့တော့ ဒါကတော့ ပထမအကြိမ် တွေ့ဆုံမှုဖြစ်ပြီးတော့ နောက်နောင်လည်း ထပ်မံတွေ့ဆုံပြီး ဒီထက်ပိုပြီးတော့ အားကောင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်လုပ်သွားဖို့လည်းပဲ ရည်ရွယ်တာ ဖြစ်ပါတယ်။ အဲ့တော့ ဒီနှစ်ထဲမှာ ကျွန်တော်တို့တွေ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ မကဘူးပေါ့နော် နိုင်ငံရေးအရလည်း ပိုမို စုစည်းညီညွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပေါ်ပေါက်လာဖို့တွေကို ကျွန်တော်တို့အစွမ်းကုန် ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်ဗျ”
မနေ့က လုပ်တဲ့ NUG နဲ့ SRA ဆွေးနွေးပွဲမှာ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ခဲ့ပြီး SRA တပ်ပေါင်းစုအဖွဲ့ဝင် တပ်ဖွဲ့တွေက ခေါင်းဆောင်အသီးသီး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
SRA တပ်ပေါင်းစုကို ၂၀၂၅ နိုဝင်ဘာ ၁၅ရက်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပြီး SRA မှာ နယ်မြေဒေသ ပေါင်းစုံက တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ ပူးပေါင်းပါဝင်တာပါ။
SRA တပ်ပေါင်းစု အဖွဲ့ဝင်တွေဟာ 96 Soldiers PDF၊ ဗမာ့တပ်တော် – Bamar Army၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် -BPLA၊ ချင်းညီနောင် -CB၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLF၊ Force For Federal Democracy -FFD၊ Generation Z Army – GZA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF၊ ကလေးဒေသ တော်လှန်ရေးတပ် – KRF၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် – MAGWAY PDF၊ မွန်ပြည် တော်လှန်ရေးတပ် – MSRF၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် – NLA၊ ပြည်သူ့လွတ်လပ်ရေး တပ်တော် – PIA၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ ပအိုဝ်င်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PNDF-KK)/(PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေး တပ်မတော် – SAGAING PDF၊ ကျောင်းသားလက်ရုံးတပ်တော် – SAF၊ ယောတပ်တော် – YA နဲ့ ယောကာကွယ်ရေးတပ် – YDF တို့ ဖြစ်ပါတယ်။

NUG နဲ့ SRA ခေါင်းဆောင်တချို့ကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – Zaw Wai Soe FB
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



