သတင်း

ရွှေစျေးနှုန်း တရိပ်ရိပ်ပြန်တက်လာပြီး တစ်ကျပ်သား ကျပ် ၁၀၈ သိန်းကျော် ဖြစ်လာ၊

စစ်အုပ်စုက အာဏာပြ ဖမ်းဆီးထောင်ချတာတွေ လုပ်နေပေမဲ့ ရွှေစျေး မကျ၊

ဖိုးချို/MFP၊ မတ်- ၁

အာဏာသိမ်း စစ်အုပ်စုက ပြည်တွင်း ရွှေစျေးနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ရွှေလုပ်ငန်းရှင်တချို့ကို အာဏာပြ ဖမ်းဆီးထောင်ချတာတွေ လုပ်နေပေမယ့် ပြင်ပစျေးကွင်မှာ ရွှေစျေးမကျဘဲ ဒီကနေ့ မတ်လ ၁ရက်မှာ ရွှေတစ်ကျပ်သား ကျပ် ၁၀၈ သိန်းကျော်အထိ စျေးပေါက်နေတယ်လို့ ရွှေစျေးကွက် စောင့်ကြည့်သူတချို့က ပြောပါတယ်။

မြန်မာ့ရွှေဈေးနှုန်းဟာ မတ်လ ၁ရက်မှာ ၁၆ပဲရည် ရွှေတစ်ကျပ်သားကို ကျပ် ၁၀၈ သိန်းခွဲ စျေး ပေါက်ပြီး လွန်ခဲ့တဲ့ ၁၀ရက်ကထက် ကျပ် ငါးသိန်း စျေးမြင့်တက်လာတာလို့ ဆိုပါတယ်။

ယခုလအတွင်း ရွှေစျေးနှုန်းဟာ တက်ပြီးရင် ပြန်မကျတော့ဘဲ တခါတရံ ရွှေစျေးကျပါကလည်း ရွှေတစ်ကျပ်သား ကျပ်သောင်းဂဏန်းလောက် ကျရိပ်ပြကာ ရက်ပိုင်းအတွင်း စျေးပြန်တက်လေ့ ရှိတယ်လို့ ရွှေအရောင်းအဝယ် လုပ်ကိုင်သူတစ်ဦးက သုံးသပ်ပါတယ်။

“ရွှေဈေးက အဓိကကတော့ ကမ္ဘာ့ဈေးကွက်တက်ရင် တက်မှာပဲ၊ သူ့အပေါ် မှီခိုနေတာ၊ ကမ္ဘာ့ဈေးတက်ရင် လိုက်တက်တာ သဘာဝ ဆိုပေမယ့် လက်တလော ပြည်တွင်းငွေတန်ဖိုး၊ နိုင်ငံရေး အခြေအနေ၊ အုပ်ချုပ်သူ အစိုးရ မူဝါဒတွေကလည်း ပြည်တွင်း ရွှေဈေးကို ပိုပိုသာသာ မြင့်တက်လာစေတဲ့ အကြောင်းတရားပါပဲ၊  ကမ္ဘာမှာလည်း ရွှေစုတာ မြင့်တက်လာသလို မြန်မာနိုင်ငံရေး အခြေအနေအရလည်း အများစုက ‌ပိုင်ဆိုင်မှု ခိုင်မာတဲ့ ရွှေနဲ့ မြေကို ဝယ်စုကြတယ်၊ လုပ်ငန်းလုပ်တဲ့သူ ဆိုရင် ရွှေက ငွေဖေါ်ဖို့လွယ်တဲ့ အားသာချက်‌တော့ ရှိတာပေါ့၊ ရွှေဈေး (ကျပ်သိန်း) ၁၀၀ အောက်ရောက်ဖို့တော့ မလွယ်‌တော့ပါဘူး၊ လတ်တလော ကမ္ဘာ့နိုင်ငံရေး အခြေအနေကြောင့် အတက်ဘက်မှာပဲ ရှိနေနိုင်‌သေးတယ်၊ ဘဏ်တွေအပေါ် ယုံကြည်မှု လျော့ကျလာတာလည်း ပါတာပေါ့၊ လက်ရှိ ပြည်တွင်းမှာလည်း ဘာကိုမှ တည်ငြိမ်မှု ရှိတယ်လို့ သတ်မှတ်လို့မှ မရတော့ ရွှေက စုဆောင်းဖို့ ဖြစ်လာတယ်”

မတ်လ ၁ ရက် ဒီကနေ့မှာ ပြည်ပပေါက်စျေး ၁၆ပဲရည် ရွှေတစ်ကျပ်သား ကျပ် ၁၀၈ သိန်းခွဲ ဖြစ်ပြီး စစ်အုပ်စု လက်အောက်ခံ ရန်ကုန်တိုင်း အဖိုးတန် သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်း (YGEA)က ရွှေတစ်ကျပ်သားကို ကျပ် ၆၉ သိန်း သတ်မှတ်ထားပါတယ်။

ပြည်တွင်းရွှေဆိုင်တွေက စစ်အုပ်စု သတ်မှတ်ဈေးဖြစ်တဲ့ ရွှေ တစ်ကျပ်သားကို ၆၉ သိန်း‌စျေးနဲ့ ရောင်း‌ချနေကြတာ ဆိုပေမယ့်လည်း ပြင်ပပေါက်ဈေးနဲ့ ညီမျှအောင် ရွှေရောင်းတဲ့အခါ အလျော့တွက်၊ လက်ခကို သိသိသာသာ ပိုတင်ပြီး ရောင်းဝယ်‌နေကြတာ ဖြစ်တယ်လို့ ရွှေဈေးကွက် လေ့လာသူ တစ်ဦးက ပြောပါတယ်။

“အဖမ်းခံကြရမှာ စိုးလို့သာ ရွှေတစ်ကျပ်သားကို ၆၉ သိန်းနဲ့ ရောင်းတယ်ပြောတာ၊  အလျော့တွက်လက်ခ ပြန်ချိန်ကြည့်ရင် အပြင်‌ပေါက်ဈေးပါပဲ၊ ဒါကလည်း အာဏာသိမ်း စစ်အုပ်စုကို ရွှေအုပ်စုက နားလှည့်ပါးရိုက်ထားတဲ့ အကွက်ပါပဲ”

စစ်အုပ်စုဟာ ပြည်တွင်း ရွှေဈေးနှုန်း မြင့်တက်လာတိုင်း သူတို့စိတ်ထင်ရာ လူတချို့ကို ဖမ်းဆီးထောင်ချတာတွေ လုပ်လေ့ရှိပါတယ်။

ဖေဖေါ်ဝါရီ ၅ ရက်ကလည်း ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေဖို့ ရွှေတုံးရွှေခဲတွေကို သိုလှောင် ဖြန့်ဖြူးရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်)နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့ သုံးဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပါသေးတယ်။

မြန်မာနိုင်ငံတွင်း စံချိန်တင် အမြင့်ဆုံးဖြစ်ခဲ့တဲ့ ရွှေဈေးဟာ ၂၀၂၆ ဇန်နဝါရီ ၂၉ ရက်က   ၁၆ပဲရည် ရွှေတစ်ကျပ်သားကို ကျပ် ၁၁၈ သိန်း ဖြစ်ပါတယ်။

Ref; Myanmar Market Price

ဖေဖေါ်ဝါရီ ၁၈ရက်ကနေ ၂၈ရက်အထိ ၁၀ရက်တာအတွင်း ပြည်တွင်း ရွှေစျေးနှုန်းပြဇယား၊

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button