စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ပုလဲနယ် ထပ်မံ ဗုံးကြဲခံရပြီး ကလေးငယ်နဲ့အဖွားတွေ အပါ လေးဦး သေဆုံး၊

ပုလဲမှာ တစ်ရက်တည်း ဗုံးဒဏ်ကြောင့် ပြည်သူ ခြောက်ဦး သေဆုံးကာ အိုးအိမ်တွေ ပျက်စီး၊

သုထက်/MFP၊ မတ် – ၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက နေ့စဉ်ရက်ဆက် ဗုံးပတ်ကြဲနေပြီး မနေ့က ညပိုင်း မရိုးတုန်းကျေးရွာကို ဗုံးကြဲရာ ကလေးငယ်နဲ့ အဖွားအိုတွေ အပါအဝင် ရွာခံပြည်သူ လေးဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ်လ ၄ရက် မနေ့က ည ၉နာရီဝန်းကျင်အချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ပါရာမော်တာ (Paramotor – စက်တပ်လေထီး) နှစ်စီးနဲ့ ပုလဲနယ်၊ မရိုးတုန်းကျေးရွာ နေအိမ်တွေကို ဗုံးပတ်ကြဲခဲ့တာ ဖြစ်ပြီး ဗုံးဒဏ်ကြောင့် အသက် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ ၄၅နှစ်ဝန်းကျင် အမျိုးသားတစ်ဦးနဲ့ အသက် ၆၀ အရွယ် အဖွားအိုနှစ်ဦး၊ စုစုပေါင်း လေးဦး သေဆုံးတာလို့ ဆိုပါတယ်။

“ပါရာမော်တာက မနေ့ညရော၊ ခုမနက် ၅နာရီဝန်းကျင်ရော လာပစ်တာ။ ညက ပြည်သူ လေးယောက် သေတယ်၊ ဒီမနက် နွားတစ်ကောင် သေတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်းမှာလည်း ပုလဲနယ်ထဲ ပါရာမော်တာတွေနဲ့ ဗုံးပတ်ကြဲနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၄ရက် မနေ့က မွန်းလွဲ ၂နာရီအချိန်ကလည်း စစ်အုပ်စုက မန္တလေးမြို့ တံတားဦး လေဆိပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ပုလဲမြို့နယ်မြောက်ပိုင်း ကျေးရွာတွေကို ဗုံးပတ်ကြဲရာ အသက် ၇၀ အရွယ် အဖိုးအဖွားနှစ်ဦး သေဆုံးပြီး အိမ်ခြေ ၂၀ ခန့် မီးလောင်၊ပျက်စီးခဲ့ပါတယ်။

စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၂၈ရက်က စတင်ကာ ပုလဲနယ် ကျေးရွာတွေကို နေ့စဉ် ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၂၈ရက်ကနေ ယနေ့အချိန်အထိ ပုလဲနယ်ကို စစ်အုပ်စုက တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ ပါရာမော်တာတွေနဲ့ အကြိမ် ၃၀ ကျော် ဗုံးကြဲခဲ့ပြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု လေကြောင်းဗုံးကြဲတဲ့ ဒဏ်ကြောင့် မနေ့က တစ်ရက်တည်းက ပြည်သူ ခြောက်ဦး သေဆုံးသလို အိုးအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။

စစ်အုပ်စုက အဆက်မပြတ် ဗုံးကြဲနေလို့ ပုလဲနယ် မြောက်ခြမ်း ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေပြီး မပြေးနိုင်တဲ့ ပြည်သူတွေ ထိခိုက်သေဆုံးကြရတာ ဖြစ်ပြီး စစ်အုပ်စုကတော့ ပြည်သူကို ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာလို့ ဒေသခံ ရပ်ကျေး ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စကစ က လေကြောင်း တောက်လျောက် ပစ်နေလို့ ရွာတွေထဲက ပြည်သူတွေ ရှောင်ကြတယ်။ သက်ကြီး ရွယ်အိုတွေက မရှောင်နိုင်ကြတော့ အသက်ပေးကြရတာပေါ့”

ပုလဲမြို့နယ် မြောက်ခြမ်းရှိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA အခြေပြု လှုပ်ရှားခဲ့ရာ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက ဖေဖေါ်ဝါရီ ၂၄ရက်က စတင်ကာ အင်အား ၃၀၀ ကျော်နဲ့ ရွာစဉ်ပတ်မွှေ စီးနင်းပြီး လူသတ်၊ လုယက်၊ မီးရှို့၊ ကျေးရွာတချို့မှာ အထိုင်ချ တပ်စွဲတာတွေ လုပ်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ဖေဖေါ်ဝါရီ ၂၈နဲ့ မတ်လ ၁ရက်မှာ ပုလဲနယ် ချဉ်ပျစ်ရွာအနီးမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်အုပ်စုက လေကြောင်းပစ်ကူ အများအပြား အသုံးပြုခဲ့ပြီး တိုက်လေယာဉ် သုံး၊ လေးစီးနဲ့ တပြိုင်တည်း ဗုံးလာကြဲတာ၊ Y-12 နဲ့ နာရီနဲ့ချီကြာ ဗုံးပတ်ကြဲတာ၊ စက်တပ်လေထီး သုံးစီးနဲ့ တပြိုင်တည်း ဗုံးလာကြဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

နှစ်ရက်တာ တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စု ချဥ်ပျစ်ရွာထဲ ပြန်ဝင်ပြေးလို့ တော်လှန်ရေး တပ်တွေက နယ်မြေ ရှင်းလင်းရာ စစ်အုပ်စု အလောင်းနှစ်လောင်း တွေ့ရှိတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ပုလဲနယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စု ချဉ်ပျစ်ရွာထဲ ပြန်ဝင်ပြေးလို့ တိုက်ပွဲရပ်နေပေမဲ့ လေကြောင်းကနေတော့ အဆက်မပြတ် ဗုံးလာကြဲနေဆဲလို့ ရပ်ကျေး ပကဖ အဖွဲ့ဝင်က ပြောပါတယ်။

“စစ်ပွဲ နားထားတာ နှစ်ရက်ရှိပြီ။ လေကြောင်းက အလွတ် (တိုက်ပွဲမရှိ) လာပစ်တာ၊ လက်ရှိ စစ်ကောင်စီ တပ်တွေက ချဥ်ပျစ်ရွာထဲမှာ ရှိတယ်”

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ချင်ပြစ်ကျင်း၊ နွယ်အင်း၊ ချဉ်ပျစ်၊ မုံသွင်၊ ပေါက်သဖ၊ ကြာစီ၊ ပိတောက်ကုန်း၊ ဆည်တော်ဦး စတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်မယ် ထင်တဲ့ နေရာတွေဆီ ထွက်​ပြေးတိမ်းရှောင် နေကြရပါတယ်။

စစ်ဘေးရှောင်ရတာ ရက်ကြာရှည်လာပြီဖြစ်သလို တောတောင်အတွင်း ခိုလှုံနေရတာကြောင့် ရာသီဥတု ပူပြင်းဒဏ် ခံစားနေကြရပြီး အမိုးအကာနဲ့ အစားအသောက် လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပုလဲနယ်ထဲ တိုက်ပွဲမရှိဘဲ မတ်လ ၄ရက် မွန်းလွဲပိုင်းအချိန် စစ်အုပ်စုက ကျေးရွာတွေအပေါ် တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ အဖိုးအဖွားနှစ်ဦး သေဆုံးကာ နေအိမ်တွေ မီးလောင်၊ ပျက်စီးစဉ်/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #စစ်ကိုင်း #ပုလဲ

Related Articles

Back to top button