ကောလင်းနယ်၊ ရွှေဘို – မြစ်ကြီးနား လမ်းပေါ်က ရွာတွေကို စစ်အုပ်စု ဗုံးကြဲလို့ စစ်ရှောင်ပြည်သူ အမျိုးသမီးနှစ်ဦး သေဆုံး၊

ဒေါ်လာ/MFP၊ မတ် – ၆
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်ရှိ ကချင်ကုန်းကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက မနေ့က ညနေပိုင်း တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ စစ်ဘေးရှောင်ပြည်သူ အမျိုးသမီးနှစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်း ထုတ်ပြန်ပါတယ်။
မတ်လ ၅ရက် ညနေ ၅နာရီဝန်းကျင်အချိန် စစ်အုပ်စုက မကွေးမြို့ကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ ကောလင်းနယ် အရှေ့ခြမ်း၊ ကချင်ကုန်းနဲ့ ရှောက်ပင်ခြုံ စတဲ့ ကျေးရွာတွေကို ဗုံးပတ်ကြဲခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုက ကချင်ကုန်းကျေးရွာအနီးကို လေးကြိမ် ဗုံးကြဲခဲ့ရာ ဗုံးတစ်လုံးက ကချင်ကုန်းကျေးရွာအတွင်း ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီးပေါ် ကျရောက်ပေါက်ကွဲလို့ လမ်းပျက်စီးပြီး ကျန်သုံးကြိမ်က ဘုန်းတော်ကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ကောလင်း ပအဖ က ဖော်ပြပါတယ်။
“လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူစစ်ရှောင် အမျိုးသမီး နှစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက် ဒါဏ်ရာ ရရှိ” လို့ ကောလင်း ပအဖ က ဆိုပါတယ်။
စစ်အုပ်စုက ကျေးရွာတွေကို တိုက်လေယာဉ်နဲ့ လေး၊ငါးကြိမ် ဗုံးကြဲခဲ့သလို စက်သေနတ်နဲ့ပါ တရစပ် ပစ်ခတ်ခဲ့တာလို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျောက်တန်းလမ်းဆုံနဲ့ သစ်ဖုလကုန်း စတဲ့ နေရာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ပြီး စစ်အုပ်စုက နယ်မြေချဲ့ထွင် စစ်ကြောင်းထိုး တပ်စွဲလို့ ဒေသခံ တော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ တိုက်လေယာဉ်၊ ဒရုန်းတွေနဲ့ ကျေးရွာတွေအပေါ် ဗုံးကြဲတာတွေ မကြာခဏ ပြုလုပ်နေတာ ဖြစ်ပါတယ်။ စစ်အုပ်စု ရန်ကြောင့် ကောလင်းနယ်အရှေ့ခြမ်း ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ နီးစပ်ရာနေရာတွေမှာ ခိုလှုံနေကြရပါတယ်။




ကောလင်းနယ် အရှေ့ခြမ်း၊ ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်ရှိ ကချင်ကုန်းကျေးရွာကို မတ်လ ၅ရက် ညနေပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့စဉ်/Photo – ကောလင်း ပအဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #စစ်ကိုင်း #ကောလင်း



