မန္တလေးသတင်းအညာမြေ တော်လှန်ရေး

တကောင်းမြို့နဲ့ ခြောက်မိုင်အနီးအထိ စစ်အုပ်စု ရောက်လာ၊

စစ်အုပ်စု ရန်ကြောင့် အရေးပေါ် ထွက်ပြေးနေရတဲ့ ပြည်သူတွေ အကူအညီလိုအပ်၊

ထင်လင်း/MFP၊ မတ် – ၆

မန္တလေးတိုင်း၊ သပိတ်ကျင်းနယ်ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တကောင်းမြို့ ပြန်ရရေး အင်အားသုံး ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်း စစ်အုပ်စု စစ်ကြောင်းဟာ တကောင်းမြို့နဲ့ ခြောက်မိုင်ခန့်အကွာ ရေယာဉ်ကျေးရွာအထိ ရောက်ရှိလာပြီ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၆ရက်မှာ သပိတ်ကျင်းနယ် တွင်းငယ်ကျေးရွာအနီးရှိ တတက ၁၃ ခေါ် အမှတ် ၁၃ စစ်တန်းမြှင့်လေ့ကျင့်ရေးကျောင်းကနေ စစ်ကြောင်းသုံးကြောင်းနဲ့ တကောင်းမြို့ ပြန်ရရေး ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုဟာ ဒီကနေ့ မတ်လ ၆ရက်မှာ တကောင်းမြို့နဲ့ ခြောက်မိုင်ခန့်အကွာ၊ ဧရာဝတီမြစ်ရိုးရှိ ရေယာဉ်ကျေးရွာအထိ ရောက်ရှိလာတာလို့ ဆိုပါတယ်။

တွင်းငယ်ရွာဘက်ကနေ သပိတ်ကျင်း – ထီးချိုင့် – ဗန်းမော် လမ်းအတိုင်း ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုဟာ မတ်လ ၅ရက် မနေ့က တကောင်းမြို့ တောင်ဘက် ကိုးမိုင်ခန့်အကွာရှိ လက်ပန်ကုန်းရွာနဲ့ အဲ့ဒီ လက်ပန်ကုန်းရွာရဲ့ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ငွေစန်းရောင် သကြားစက်တို့ကို ပြန်လည် သိမ်းယူနိုင်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

“လက်နက်ကြီးတွေနဲ့ ပစ်တာ တကောင်းကနေ တအုန်းအုန်း ကြားနေရတယ်၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းဘက်ကနေ ရောက်နေတဲ့ စစ်ဘေးရှောင်တွေပါ ထပ်ပြီး ထွက်ပြေးနေရပြီ၊ ရှမ်းမြောက်ထိ ရောက်လာတဲ့ စစ်ဘေးရှောင်တွေဆို ဘာအကူအညီမှ မရသေးဘူး” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

တကောင်းမြို့ ပြန်ရရေး ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ နည်းပညာမြင့် ဒရုန်းတွေနဲ့ လူအင်အားကို အလွန်အကျွံ အသုံးပြုကာ တိုက်ခိုက်နေတာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေအနေနဲ့ ထိမ်းချုပ်နယ်မြေတွေ လက်လွှတ်ရကာ ဆက်တိုက် ဆုတ်ခွါပေးနေရတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

နယ်မြေတွေ ပြန်လည် သိမ်းပိုက်နိုင်တဲ့ တချိန်တည်းမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲဘော်တချို့ ဘက်ပြောင်းလာတယ်လို့လည်း စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

မတ်လ ၄ ရက်မှာ စဉ့်ကူး ပကဖအဖွဲ့က ကျော်မိုး (ခ) ကာဗွန် ဦးဆောင်တဲ့ တော်လှန်ရေး ရဲဘော် ၁၀ဦးနဲ့ ရ​ြမေ ငါးဦး၊ စဉ့်ကူး MDY-PDF အဖွဲ့ က သာမင်းထက် (ခ) လကွယ် ဦးဆောင်တဲ့ တော်လှန်ရေး ရဲဘော် ၃၁ဦးနဲ့ ရဲမေ ငါးဦး၊ ပေါင်း ၅၂ ဦးဟာ လက်နက်မျိုးစုံ ၁၆ လက်နဲ့အတူ ဘက်ပြောင်းခိုလှုံတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

တော်လှန်ရေး ရဲဘော်တွေ စစ်အုပ်စုထံ ဘက်ပြောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

တကောင်းမြို့ဟာ ဧရာဝတီမြစ်ကမ်းမှာ တည်ရှိသလို မန္တလေး – ထီးချိုင့် – ဗန်းမော် ကားလမ်းပေါ်က လမ်းပန်းဆက်သွယ်ရေးအရ အချက်အခြာကျတဲ့ နေရာမှာ တည်ရှိပါတယ်။ ဒါ့အပြင် တကောင်းမြို့အနီးမှာ တရုတ်ပိုင် နီကယ် စက်ရုံလည်း တည်ရှိပါတယ်။

တကောင်းမြို့ အပါအဝင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်စခန်းနဲ့ မြို့၊ရွာ အများအပြားကို ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လည်ပိုင်းမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းယူကာ တစ်နှစ်ကျော် ထိမ်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ဇူလိုင်လမှာ စစ်အုပ်စုက သပိတ်ကျင်းမြို့ကို ပြန်သိမ်းယူထားပြီး ဒီဇင်ဘာလမှာ မြို့နယ်ရဲ့ တောင်ဘက်ခြမ်း အားလုံးကို ပြန်သိမ်းယူသွားကာ လတ်တလောမှာ တကောင်းမြို့ကို ပြန်သိမ်းယူဖို့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

တကောင်းမြို့ ပြန်ရရေး ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်း မရောက်မီ ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး ထုတာတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိသလို တကောင်းနဲ့ ကြာညှပ် အပါအဝင် ကားလမ်းတလျှောက် ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တကောင်းမြို့နဲ့ ကိုးမိုင်ခန့်အကွာရှိ လက်ပန်ကုန်းရွာနဲ့ ငွေစန်းရောင် သကြားစက်တို့ကို မတ်လ ၅ရက်မှာ စစ်အုပ်စု ပြန်သိမ်းယူပြီးနောက် အောင်ပွဲခံနေစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #စစ်ကိုင်း #ပုလဲ

Related Articles

Back to top button