မကွေးသတင်းအညာမြေ တော်လှန်ရေး

ပခုက္ကူ ပေါက်နယ် စစ်ရှောင်ကလေးတွေ အာဟာရချို့တဲ့နဲ့ အရေပြားရောဂါ ခံစားနေရ၊

အမြဲတမ်း စစ်ရှောင် ၁၀,၀၀၀ ကျော် ရှိပြီး အလုပ်အကိုင်နဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေ၊

ထင်လင်း၊ အီသာရမ်/MFP ၊ မတ်-၇

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ထောင်သောင်းချီတဲ့ စစ်ဘေးရှောင် ပြည်သူတွေထဲက ကလေးသူငယ် တချို့မှာ အာဟာရ ချို့တဲ့တာတွေနဲ့‌ အရေပြားရောဂါတွေ ကြုံတွေ့ ခံစားနေကြရပြီး စစ်ဘေးရှောင် မိသားစုတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက MFP ကို ပြောပါတယ်။

ပေါက်မြို့နယ်အတွင်း လက်နက်ထုတ်စက်ရုံတွေ အပါအဝင် စစ်စခန်းနဲ့ ပျူစောထီးစခန်း ၁၈ ခုရှိပြီး အဲ့ဒီ စခန်းတွေထဲ အခြေပြုတဲ့ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာကြောင့် ကျေးရွာ ၅၂ရွာက ပြည်သူ ၁၅,၀၀၀ ကျော် အမြဲတန်း စစ်ဘေးရှောင်အဖြစ် တောတောင်တွေထဲ စစ်ဘေးရှောင်ခိုလှုံ နေထိုင်နေကြရတာ ဖြစ်ပါတယ်။

သောင်းနဲ့ချီတဲ့ အမြဲတန်း စစ်ဘေးရှောင် ပြည်သူတွေဟာ စစ်အုပ်စု ရန်ကြောင့် အသက်ဘေးက ကင်းလွတ်ရေး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပြီး တချို့ကတော့ အိမ်မီးရှို့ခံရလို့ ပြန်စရာ အိမ်မရှိတော့ဘဲ တောတောင်ထဲ နှစ်နဲ့ချီကြာ ခိုလှုံနေထိုင်ကြရတာ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့- ပအဖ၊ လူသားစာနာတာဝန်ခံက MFP ကို ပြောပါတယ်။

ပေါက်မြို့နယ်ထဲ စစ်အုပ်စု အခြေပြုရာ ဘုရားတောင်ကျေးရွာနဲ့ တစ်မိုင်ခန့်အကွာမှာရှိတဲ့ ဖိုးဖြူလုံးကန် ကျေးရွာက ပြည်သူ ၁၀၀၀ ကျော်ဟာ စစ်အုပ်စု ရန်ကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကတည်းက ရွာမှာ မနေဝံ့ဘဲ ရှောင်တိမ်းနေရပြီး အမြဲတမ်း စစ်‌ရှောင်အဖြစ် တောတောင်ထဲ တဲထိုးနေထိုင်ကြရပါတယ်။

အဲ့ဒီ ဖိုးဖြူလုံးကန်ကျေးရွာက အမြဲတန်းစစ်ဘေးရှောင် ပြည်သူတွေဟာ အလုပ်အကိုင် ရှားပါးကာ စားဝတ်နေရေး ခက်ခဲကြပ်တည်းနေသလို သောက်သုံးရေ ရှားပါးတာတွေပါ ကြုံနေရပြီး နောက်ဆက်တွဲ အနေနဲ့ ကလေးငယ်တွေမှာ အာဟာရချို့တဲ့တာတွေနဲ့ အရေပြားရောဂါ ခံစားနေကြရတယ်လို့ ပေါက်မြို့နယ် လူသားစာနာတာဝန်ခံက ပြောပါတယ်။

“အလုပ်အကိုင်ကတော့ အဲဒီဘက်တွေက တောင်သူ၊ ယာစာက မဖွံ့ဖြိုးဘူးဗျာ၊ ကုန်းမှာ တစ်ရာသီ လောက်ပဲ စိုက်လို့ရတာမျိုး ဖြစ်နေတာ။ ရေလည်း ရှားတယ်၊ အခုရက်ပိုင်း ဘာကို အမှီပြု နေရလဲဆိုရင် ထန်းတက်တာတို့၊ ဝါးကပ်ယက်တာတို့နဲ့ စားဝတ်နေရေး ရုန်းက‌န်နေရတဲ့ အချိန်မှာ ကလေးတွေ အာဟာရ ဖြည့်စွက်စာတွေမှာ စီစဉ်မပေးနိုင်တာ‌မျိုးတွေလည်း ရှိတာပေါ့”

ဖိုးဖြူလုံးကန်ကျေးရွာဟာ ပခုက္ကူ-ပေါက် လမ်းမပေါ်မှာ တည်ရှိပြီး ဘုရားတောင်ရွာ စစ်အုပ်စု ငွေညှစ်ဂိတ်စခန်း၊ ယာကြီးပြင်ရွာ ပျူစောထီးစခန်းတို့နဲ့ နီးကပ်တာကြောင့် ပြည်သူတွေ ရွာမှာ မနေရဲဘဲ အမြဲတမ်း စစ်ရှောင်အဖြစ် ရှောင်တိမ်းနေရတာလို့ ဆိုပါတယ်။

ပေါက်မြို့နယ်ရှိ ခင်အေးရွာ၊ မျှားပိုင်းရွာ၊နဲ့ ကျောက်တံခါးရွာ တို့မှာလည်း ဖိုးဖြူလုံးကန်ရွာလိုပဲ အလားတူကိစ္စတွေ ကြုံတွေ့နေရပြီး ကလေးသူငယ်တွေမှာ အာဟာရချို့တဲ့တာနဲ့ အရေပြားရောဂါတွေ ခံစားနေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာတာဝန်ခံက ပြောပါတယ်။

“ကလေးငယ် အရေအတွက် တိတိကျကျ မသိရသေးပေမယ့် တော်တော်များတယ်”

ပေါက်မြို့နယ်ထဲမှာ စစ်အုပ်စုရဲ့ လက်နက်ထုတ်စက်ရုံတွေဖြစ်တဲ့ ကပစ ၂၄ (အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ) နဲ့ ကပစ ၂၂ တွေ ရှိသလို စစ်အုပ်စု ငွေညှစ်ဂိတ်နဲ့ ပျူစောထီးစခန်း စတဲ့ စစ်အုပ်စု အခြေပြု အထိုင်ချရာ စစ်စခန်း စုစုပေါင်း ၁၈ ခု ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်စခန်းနဲ့ ပျူစခန်းတွေအတွက် နီးစပ်ရာကျေးရွာတွေကို စီးနင်း လုယက်၊ ဖောက်ထွင်းခိုးယူတာ၊ ရိက္ခာစုဆောင်းတာ၊ ရွာမီးရှို့တာ၊ ပြည်သူကို ဖမ်းဆီးငွေညှစ် ပေါ်တာဆွဲတာတွေ လုပ်လေ့ရှိတာကြောင့် စစ်စခန်းနဲ့ ပျူစခန်းတွေ အနီးရှိ ကျေးရွာ ၅၂ ရွာက လူဦးရေ ၁၅,၀၀၀ ကျော်ဟာ အမြဲတန်း စစ်ဘေးရှောင်အဖြစ် ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

အဲ့ဒီ အမြဲတန်း စစ်ဘေးရှောင် ပြည်သူတွေဟာ အလုပ်အကိုင်မရှိတာနဲ့ သောက်သုံးရေ ရှားပါးတာ‌တွေ ကြုံနေကြရကာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေပါ ခံစားနေကြရတာလို့ ပေါက်မြို့နယ် လူသားစာနာ တာဝန်ခံက ပြောပါတယ်။

အာဟာရချို့တဲ့တာနဲ့ အရေပြားရောဂါတွေကို ကလေးသူငယ်တွေမှာ သိသိသာသာ ခံစားနေရပြီး လူကြီးတွေမှာလည်း အရေးပြာရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ ပေါက်မြို့နယ် လူသားစာနာ တာဝန်ခံနဲ့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် အလုပ်အကိုင်တွေ ဖန်တီပေးနိုင်ဖို့ လိုအပ်နေသလို စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်ထဲ စစ်အုပ်စု ရန်ကြောင့် အမြဲတန်း စစ်ဘေးရှောင် နေကြရတဲ့ ပြည်သူတွေ/Photo – ထင်လင်း/MFP

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ပေါက်မြို့နယ် #စစ်ဘေးရှောင်ပြည်သူ

Related Articles

Back to top button