ကနီနယ် ရှင်ပြုအလှူပွဲနဲ့ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲသတ်လို့ သာမဏေတွေ အပါအဝင် ပြည်သူ ခုနှစ်ဦး သေဆုံး၊
ဆွမ်းစားချိန်နဲ့ အလှူပွဲ ထမင်းဧည့်ခံ ကျွေးမွေးချိန် ဗုံးကြဲသတ်တာဖြစ်ပြီး ဒဏ်ရာရသူ ဒါဇင်နဲ့ချီရှိ၊

သုထက်/MFP၊ မတ် – ၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ နတ်လာပို့ကျေးရွာမှာ ရှင်ပြအလှူပွဲ ကျင်းပနေတဲ့ နေအိမ်အလှူမဏ္ဍပ်နဲ့ ဘုန်းတော်ကြီးကျောင်းတွေကို အဓိက ပစ်မှတ်ထားကာ အာဏာသိမ်း စစ်အုပ်စုက ဆူဆိုက်ဒရုန်းနဲ့ ဗုံးကြဲသတ်ဖြတ်လို့ သာမဏေ ကိုရင်ငယ်တွေ အပါအဝင် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ အနည်းဆုံး ၁၅ ဦး ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မတ်လ ၇ရက် ဒီကနေ့ မနက် ၁၀နာရီဝန်းကျင်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ ဆူဆိုက်ဒရုန်း သုံးစီး တက်လာကာ ကနီနယ် ချင်းတွင်းမြစ်ရိုးရှိ နတ်လာပို့တောင်ရွာ၊ မြောက်ရွာနဲ့ သပြောတောကျေးရွာတွေကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ ပထမဆုံး ဒရုန်းတစ်စီးဟာ ကနီနယ်၊ နတ်လာပို့တောင်ရွာရှိ ရှင်ပြုအလှူပွဲ ကျင်းပနေတဲ့ အိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အလှူပွဲမှာ ရှိနေတဲ့ ရွာခံပြည်သူ ငါးဦး ပွဲချင်းပြီး သေဆုံးကာ နောက်ထပ် ၁၅ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
သေဆုံးသူတွေဟာ အမျိုးသားတွေ ဖြစ်ပြီး အသက် ၅၀ ကျော်အရွယ် နှစ်ဦး၊ ၃၀ ကျော်အရွယ် နှစ်ဦးနဲ့ ၂၀ ကျော်အရွယ် တစ်ဦးဖြစ်တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
“တိုက်ပွဲမရှိဘဲ လာချတာ။ အလှူဆိုတော့ အထိအခိုက်ကလည်း ၁၅ ဦးလောက် ရှိတယ်။ ငါးယောက်လည်း သေတယ်” လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။
အလှူပွဲ ထမင်းစားဧည့်ခံပြီးလို့ လူအနည်းငယ် ကျဲပါးနေချိန် ဗုံးကြဲခံရတာ ဖြစ်ပြီး အလှူပွဲ လူစည်ကားနေချိန် ဖြစ်ပါက ထိခိုက်မှု ပိုမို များပြားနိုင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုရဲ့ နောက်ထပ် ဒရုန်းတစ်စီးဟာလည်း နတ်လာပို့မြောက်ရွာ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားကာ ဖောက်ခွဲ သတ်ဖြတ်လို့ ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ သာမဏေ ကိုရင်နှစ်ပါး ပျံလွန်တော်မူတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်လက်ပြီး စစ်အုပ်စုက နောက်ထပ် ဒရုန်းတစ်စီးနဲ့ သပြောတောကျေးရွာကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပေမဲ့ သပြေတောရွာမှာတော့ ဒေသခံပြည်သူ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။
နတ်လာပို့ရွာဟာ ချင်းတွင်းမြစ်ရိုးမှာ တည်ရှိပြီး မုံရွာ နမခ နဲ့ မြစ်ခြားပေမဲ့ မလှမ်းမကမ်း ဖြစ်တာကြောင့် စစ်အုပ်စုရဲ့ မကြာခဏ ရန်ပြု တိုက်ခိုက် သတ်ဖြတ်တာ ခံနေရတဲ့ ကျေးရွာ ဖြစ်ပါတယ်။

ယနေ့ မနက်ပိုင်း အလှူပွဲနဲ့ ဘုန်းတော်ကြီးကျောင်း ဆွမ်းစားချိန်ကို ဒရုန်းနဲ့ တိုက်ခိုက် သတ်ဖြတ် တာဟာလည်း စစ်အုပ်စုက အကြောင်းမဲ့ ရန်ပြုတာ ဖြစ်ပြီး နမခ နဲ့ လက်လမ်းမီလို့ ဒရုန်းတွေနဲ့ စမ်းသပ်ဖောက်ခွဲတာ ဖြစ်မယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲခံရပြီးနောက် စစ်အုပ်စုက ထပ်မံ တိုက်ခိုက်သတ်ဖြတ်မှာကို ကြောက်ရွံ့လို့ နတ်လာပို့တောင်ရွာ၊ မြောက်ရွာနဲ့ သပြေတောရွာ အပါအဝင် နွားခြံကုန်း စတဲ့ ကနီနယ် ကျေးရွာတွေက ပြည်သူတွေ ဘေးလွတ်မယ်ထင်တဲ့နေရာ ထွက်ပြေးနေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေး ဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှု ၄,၇၅၀ ကြိမ် ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၅,၁၈၈ဦး သေဆုံးကာ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ (လူနေအိမ် မပါဝင်) ၁,၂၇၂ ခု ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ NUG က ဖေဖေါ်ဝါရီ ၂ရက်မှာ ထုတ်ပြန်ထားပါတယ်။


မုံရွာ နမခ၊ ကနီနယ် နတ်လာပို့ရွာနဲ့ ပြီးခဲ့တဲ့ လပိုင်းက ကနီနယ် ဘုန်းကြီးကျောင်းကို စစ်အုပ်စု ဗုံးကြဲခဲ့စဉ်/Photo – Pyae Aung Naing
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ကနီ #နတ်လာပို့ရွာ



