
ဘုန်းစိုး/MFP၊ မတ် – ၇
စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုရဲ့ စက်သုံးဆီ ခြွေတာရေး ကန့်သတ်ချက်တွေကို မြို့ခံပြည်သူတွေ အနေနဲ့ စက်သုံးဆီ ၀ယ်ယူခွင့်ရရှိရေး မနက် ၂နာရီ၀န်းကျင်က စတင်ကာ တန်းစီကြရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
မတ်လ ၄ ရက်က စပြီး မုံရွာမြို့ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးတွေက စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချကြတာကြောင့် မြို့ခံပြည်သူတွေ စက်သုံးဆီ ၀ယ်ယူရခက်ခဲလာပြီး တချို့က ညသန်းခေါင်ကျော်ကတည်းက ဆီဆိုင်တွေရှေ့ တန်းစီကြတယ်လို့ ဆိုပါတယ်။
“မနက် ၂ နာရီလောက်က ထပြီး တန်းရတာ၊ အဲ့ဒါမှ ရတာ၊ နောက်ကျရင် မရတော့ဘူး၊ သူတို့ (ဆီဆိုင်)က ပိတ်ချင်တဲ့အချိန် ပိတ်လိုက်တာ” လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
စက်သုံးဆီ ၀ယ်ယူရရှိနိုင်ဖို့အတွက် မနက်စောစောထပြီး တန်းစီးရပေမယ့် ဆိုင်တွေက လိုသလောက် ရောင်းချပေးတာမျိုးမရှိဘဲ အကန့်အသတ်နဲ့သာ ရောင်းပြီး ဆိုင်ကယ်တစ်စီးကို ဓာတ်ဆီ ကျပ် ၅၀၀၀ဖိုးနဲ့ ဆိုက်တွဲ သုံးဘီတစ်စီးကို ကျပ် ၁၀,၀၀၀ ဖိုးသာ ရောင်းချပေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တန်းစီနေသူတွေကို လူတိုင်းစေ့ ရောင်းပေးတာမျိုး မဟုတ်ဘဲ အရောင်းပိတ်ချင်တဲ့အချိန် ပိတ်ချလိုက်တာ ဖြစ်တယ်လို့လည်း မြို့ခံတစ်ဦးက ပြောပါတယ်။
“ဆိုင်တွေကတော့ မတူဘူး၊ တချို့ဆိုင်တွေက ဆိုင်ကယ် တစ်စီးကို ၅၀၀၀ ဖိုး ရတယ်၊ တချို့ ဆိုင်တွေက တစ်သောင်းဖိုး ရောင်းပေးတယ်၊ ဘေးတွဲ(သုံးဘီး)ဆိုင်ကယ်တွေကတော့ တစ်သောင်းဖိုး ရတယ်၊ ဆိုင်ပိတ်တာကကြ သူတို့ ပိတ်ချင်တဲ့အချိန် ပိတ်လိုက်တာပဲ၊ တန်းစီပြီမှ ပိတ်လိုက်ရင်လည်း မရတော့ဘူး”
စက်သုံးဆီအရောင်းဆိုင်ကြီးတွေမှာ ဓာတ်ဆီဈေးနှုန်း အနည်းငယ်သာ စျေးတင်ရောင်းပေမယ့် လက်လီ ပြန်ရောင်းကြတဲ့ ရပ်ကွက်အတွင်းက ဆိုင်တွေမှာ တစ်လီတာကို ကျပ် ၁၀,၀၀၀ ၀န်းကျင် အထိ ပေါက်ဈေးရှိနေတယ်လို့ ဆိုပါတယ်။
“တချို့ကြလည်း အလုပ်မရှိတော့ ဆီတိုးပြီး လက်လီပြန်ရောင်းကြတာ၊ တကယ်လိုတဲ့ လူကြ သူတို့ဆီက တဆင့် ပြန်၀ယ်ရတာ၊ ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ အချိန်ပေးပြီး တန်းစီမနေနိုင်တော့လေ” လို့ မုံရွာ မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မုံရွာမြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီ ၀ယ်ယူရရှိနိုင်ဖို့အတွက် တန်းစီရာမှာလည်း အာဏာသိမ်း စစ်အုပ်စုက မတရား ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် သက်ကြီးပိုင်း အမျိုးသားတွေနဲ့ အမျိုးသမီးတွေသာ အများဆုံး တန်းစီ၀ယ်ယူနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ မုံရွာ အပါအဝင် နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ၊ စစ်သားသစ် စုဆောင်းကာ ရက်တိုစစ်သင်တန်း ပေးပြီးနောက် တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်တိုက်ခိုင်းနေတာ ဖြစ်ပါတယ်။
ယခုရက်ပိုင်း မုံရွာမြို့မှာ စစ်အုပ်စုက နေ့စဉ် လူဦးရေ ဆယ်နဲ့ချီ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံတွင်း စက်သုံးဆီ ခြွေတာဖို့ စစ်အုပ်စုက အမိန့်ထုတ်ထားပြီး ကား၊ ဆိုင်ကယ်နဲ့ ပုဂ္ဂလိကပိုင် ယာဉ်တွေကို နေ့စဉ် စီးနင်းအသုံးပြုခွင့် မပေးဘဲ တစ်ရက်ခြားတစ်ခါ စီးခိုင်းနေကာ သူတို့ပြောတဲ့အတိုင်း မစီးရင် ဖမ်းဆီးမယ်လို့ စစ်အုပ်စုက စာထုတ်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ရာက အရှေ့အလယ်ပိုင်းဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အီရန်က စက်သုံးဆီ အဓိက သယ်ယူရာ လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်တာကြောင့် ကမ္ဘာ့ စက်သုံးဆီ ဈေးလည်း မြင့်တက်ကာ မြန်မာနိုင်ငံမှာလည်း စက်သုံးဆီ ရှားပါးတာနဲ့ စျေးမြင့်တက်တာတွေ ကြုံနေရတာ ဖြစ်ပါတယ်။



မုံရွာမြို့မှာ ဆီဝယ်ခွင့်ရဖို့ တန်းစီနေကြသူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မုံရွာ #စက်သုံးဆီတန်းစီ



