စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်နယ်ထဲ စစ်အုပ်စု အင်အား ၃၀၀ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်နေ၊ ပြည်သူ ၈၀၀၀ ကျော် အရေးပေါ် စစ်ရှောင်နေရ၊

သုထက်/MFP၊ မတ် – ၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်း၊ ယင်းမာပင်နဲ့ ကနီနယ်အစပ် ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စု အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုး စီးနင်းကာ သတ်ဖြတ်နေလို့ ပြည်သူတွေ ရုတ်တရက် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ​ပြောပါတယ်။

မတ်လ ၆ရက် ညနေပိုင်းမှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ထဲကနေ  သံပြားကာကားနဲ့ ဖောကားတွေ အပါအဝင် စုစုပေါင်း ကား ၁၂စီးနဲ့ ထွက်လာတဲ့ စစ်အုပ်စု အင်အား ၃၀၀ ခန့်ဟာ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ ပျူစခန်းမှာ ညအိပ်တပ်စွဲပြီးနောက် ဒီကနေ့ မနက် ၈နာရီကစလို့ ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း ကျေးရွာတွေကို စီးနင်းလုယက်၊ စစ်ကြောင်းထိုး၊ လူသတ်တာလို့ ဆိုပါတယ်။

“စစ်သား အင်အားလည်း များတယ်၊ စက်လက်တွေ၊ လက်နက်ကြီးတွေလည်း ကားနဲ့သယ်လာတယ်”လို့ ဒေသခံ ပကဖအဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ဘန့်ဘွေးရွာ ပျူစခန်းက ထွက်လာပြီး စစ်ကြောင်း စထိုးချိန် အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်ခဲ့သလို ထန်းဇင်ရွာက အမျိုးသားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက သတ်ဖြတ်လို့ ထန်းဇင်ကျေးရွာနေ အသက် ၅၀ အရွယ် ဦးမျိုးမြင့်ဆွေ ဆိုသူ သေဆုံးခဲ့ပြီး စစ်အုပ်စုကတော့ ဆက်လက် စစ်ကြောင်းထိုး လူသတ်၊ လုယက် နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ဘန့်ဘွေးရွာ ပျူစခန်းရဲ့ အရှေ့မြောက်ဖက်ယွန်းယွန်းရှိ မယ်စော တောတိုက်ကို လက်နက်အားကိုးနဲ့ စီးနင်းဝင်မွှေကာ ဒေသခံပြည်သူတွေရဲ့ တဲတိုက်တွေကို ဖောက်ထွင်းပြီး ဆန်၊ ဆီ စတဲ့ စားနပ်ရိက္ခာနဲ့ ကြက်၊ ဝက် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူ လုယက် သယ်ထုတ်သွားတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းက ကနီကို ဦးတည်ချင်တာလား မသိဘူး၊ ခန့်မှန်းရတော့ ခက်တယ်၊ မနက်က စစ်ကြောင်း စထိုးကတည်းက စက်လက်တွေ၊ လက်နက်ကြီးတွေ ဆက်တိုက် ပစ်ပြီး ထိုးတယ်၊ လက်ရှိ အခြေနေအရ ကနီ – ယင်းမာပင် အစပ်မှာ စစ်ကြောင်းက ရောက်နေတယ်” လို့ အထက်ပါ ပကဖ အဖွဲ့ဝင် အမျိုးသားက ထပ်မံ​ပြောဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်မြို့နယ်ရှိ နဘူးတော၊ ကြက်လျာ၊ ကျောက်ကုန်း၊ နှောပင်၊ ကျွန်းပေါ်၊ အင်းပတ် စတဲ့ ကျေးရွာတွေနဲ့ ကနီမြို့နယ်ရှိ တွင်းမ၊ လည်ရှည် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၈၀၀၀ ကျော် ရုတ်တရက် စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ယင်းမာပင်နဲ့ ကနီနယ်အစပ် ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအတွင်းကလည်း ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း၊ ကနီနယ်အစပ်၊ ချင်းတွင်းမြစ်ရိုးရှိ ကျောက်မှော်၊ ကျောက်ကုန်း၊ ကျွန်းပေါ်၊ နှောပင်၊ အင်းပတ်၊ ကြက်လျာနဲ့ ပန်းတိမ်ပြင် စတဲ့ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လေးရက်ကြာ စီးနင်းလုယက် မီးရှို့လို့ အိမ်ခြေ ၂၅၀ ဝန်းကျင် မီးလောင်ပြာကျခဲ့ပါသေးတယ်။

ယင်းမာပင်နယ် ဘန့်ဘွေးရွာ ပျူစခန်းက စစ်အုပ်စု စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ယင်းမာပင် #ဘန့်ဘွေးရွာပျူစခန်း

Related Articles

Back to top button