ယင်းမာပင်နယ် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက လူသတ်၊ လုယက်၊ PDF စခန်းနဲ့ နေအိမ်တွေ မီးရှို့ကာ နောက်ပြန်ခေါက်သွား၊

သုထက်/MFP၊ မတ်- ၈
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ကို စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ လူသတ်၊ လုယက်၊ တော်လှန်ရေးတပ်စခန်း သုံးခုကို မီးရှို့ဖျက်ဆီးပြီးနောက် လာလမ်းအတိုင်း နောက်ပြန်ခေါက်သွားပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မတ်လ ၆ရက် ညနေပိုင်းမှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ထဲကနေ သံပြားကာ ကားတွေ အပါအဝင် စုစုပေါင်း ကား ၁၂စီးနဲ့ ထွက်လာတဲ့ စစ်အုပ်စု အင်အား ၃၀၀ ခန့်ဟာ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ ပျူစခန်းမှာ ညအိပ်တပ်စွဲပြီးနောက် မတ်လ ၇ရက် မနက်ပိုင်းက စလို့ ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း ကျေးရွာတွေကို စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ မီးရှို့တာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ မတ်လ ၇ရက်မှာ ဘန့်ဘွေးရွာ ပျူစခန်းအနီးရှိ ထန်းဇင်ကျေးရွာက အသက် ၅၀ အရွယ် ဒေသခံအရပ်သားပြည်သူ အမျိုးသာတစ်ဦးကို သတ်ဖြတ်ခဲ့သလို မယ်စောတောတိုက်ကိုလည်း စီးနင်ဝင်မွှေပြီး နေအိမ်တွေ ဖောက်ထွင်းကာ စားနပ်ရိက္ခာနဲ့ အိမ်မွေးတိရစ္ဆာန်တွေ လုယက်ခဲ့ပါတယ်။ ဒါ့အပြင် ကနီနယ် နတ်လာပို့တောင်ရွာ အလှူပွဲနဲ့ နတ်လာပို့မြောက်ရွာ ဘုန်းတော်ကြီးကျောင်းတွေကို ဒရုန်း သုံးစင်းနဲ့ ဗုံးဖောက်ခွဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ကိုရင်ငယ် နှစ်ပါး အပါအဝင် အလှူပွဲမှာ ပရိတ်တရားနာနေတဲ့ ဒေသခံ ကိုးဦး သေဆုံးခဲ့ပါတယ်။
အဲ့ဒီနောက် ဆက်လက်ပြီး စစ်အုပ်စုက ယင်းမာပင်နဲ့ ကနီနယ်အစပ်ရှိ ယင်းမာပင်ခရိုင် PDF ၃၅ အမှတ် တပ်ရင်းရဲ့ စခန်း၊ ULF စခန်းနဲ့ ချိုမိုင်မိုင် PDF စခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ယင်းမာပင်နဲ့ ကနီနယ်အစပ် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အဲဒီ စစ်အုပ်စုကို ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ULF စစ်ကြောင်းနဲ့ 9+ စစ်ကြောင်းတို့ ပူးပေါင်းကာ ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ULF စစ်ကြောင်းက သတင်း ထုတ်ပြန်ပါတယ်။
“အလှူပရိတ်တရားနာအပြီး သာသနာ့ဘောင်ကို တက်လှမ်းတော့မည့် ရှင်သာမဏေနှစ်ပါး အပါအဝင် ပရိတ်တရား နာကြားနေသည့် ပြည်သူ ငါးဦးအား လက်နက်ကြီးနှင့်ထု၍ သတ်သွားသော စစ်ခွေးမိစ္ဆာ ၃၀၀ ကျော်အား ULF စစ်ကြောင်းမှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့” လို့ ULF က ဖော်ပြပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အထိအခိုက် အသေအပျောက်ရှိတဲ့ စစ်အုပ်စုဟာ နဘူးတောကျေးရွာအနီး တောတိုက်ရှိ နေအိမ် လေးလုံးကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်မြို့နယ်ရှိ နဘူးတော၊ ကြက်လျာ၊ ကျောက်ကုန်း၊ နှောပင်၊ ကျွန်းပေါ်၊ အင်းပတ် စတဲ့ ကျေးရွာတွေနဲ့ ကနီမြို့နယ်ရှိ တွင်းမ၊ လည်ရှည် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။
စစ်အုပ်စုဟာ ဒီကနေ့ မတ်လ ၈ရက် မွန်းလွဲ ၁နာရီလောက်မှာတော့ နမခ ထဲ ပြန်ဝင်သွားပြီ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲ့ဒီ ယင်းမာပင်နဲ့ ကနီနယ်စပ် စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ မီးရှို့တဲ့ စစ်အုပ်စုကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်အတော် – BNRA က ဖိုက်တာမျက်လုံးခေါ် မျက်လုံး ဆိုသူက လမ်းပြပေးတာ ဖြစ်နိုင်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ထင်မြင်ချက်ပေးကြပြီး MFP အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
စစ်အုပ်စုဟာ ယင်းမာပင်နဲ့ ကနီနယ်အစပ် ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအတွင်းကလည်း ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း၊ ကနီနယ်အစပ်၊ ချင်းတွင်းမြစ်ရိုးရှိ ကျောက်မှော်၊ ကျောက်ကုန်း၊ ကျွန်းပေါ်၊ နှောပင်၊ အင်းပတ်၊ ကြက်လျာနဲ့ ပန်းတိမ်ပြင် စတဲ့ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လေးရက်ကြာ စီးနင်းလုယက် မီးရှို့လို့ အိမ်ခြေ ၂၅၀ ဝန်းကျင် မီးလောင်ပြာကျခဲ့ပါသေးတယ်။

ယင်းမာပင်နဲ့ ကနီနယ်အစပ် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့တဲ့ စစ်အုပ်စုကို မိုင်းဖောက်ခွဲ တိုက်ခိုက်စဉ်/Photo – ULF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ယင်းမာပင် #ULF



