ယင်းမာပင်မြို့နဲ့ တရုတ် ကြေးနီစက်ရုံကြား စစ်အုပ်စု နှစ်ဖက်ညှပ် စစ်ကြောင်းထိုး၊ လက်နက်ကြီး ထုလို့ ပြည်သူတွေ အသက်လု ထွက်ပြေးနေရ၊

သုထက်/MFP၊ မတ် – ၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ရှိ တရုတ်ပိုင် ယန်စီကြေးနီစက်ရုံထဲက ထွက်လာတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ယင်းမာပင်မြို့ဆီ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို ပစ်မှတ်ထားကာ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေ အသက်လု ထွက်ပြေးနေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မတ်လ ၇ရက်မှာ ဆားလင်းကြီးနယ်ရှိ တရုတ်ပိုင် မြန်မာယန်စီကြေးနီစက်ရုံထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ ယင်းမာပင်မြို့ထဲကို ဝင်ရောက်ပြီးနောက် မတ်လ ၈ရက်မှာ ညလုံးပေါက် လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကြောင်း မြို့ထဲရောက်သွားလို့ နေ့ခင်း အိမ်ပြန်ကပ်တာ၊ ညကျ လက်နက်ကြီးထုလို့ ပြန်ပြေးရတယ်” လို့ ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
မတ် ၉ရက် ဒီကနေ့ မနက်ပိုင်း အဲ့ဒီ ယင်းမာပင်မြို့ပေါ် ရောက်ရှိနေတဲ့ စစ်အုပ်စုဟာ တရုတ် ကြေးနီစက်ရုံဘက် နောက်ပြန်ခေါက်ကာ စစ်ကြောင်းထိုးနေသလို တရုတ်ကြေးနီစက်ရုံထဲကနေ နောက်ထပ် သံပြားကာကား ငါးစီးနဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ကြောင်း ထပ်ထွက်လာပြီး ကျေးရွာတွေကို ဆက်လက် စစ်ကြောင်းထိုးကာ လက်နက်ကြီးတွေ တရစပ် ရမ်းကား ပစ်ခတ် နေကြတယ်လို့ ဆိုပါတယ်။
“အခု မနက်လည်း စစ်ကြောင်းက ပြန်ထွက်ပြီး ထိုးနေတယ်” လို့ အထက်ပါ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။
လက်ရှိမှာ ယင်းမာပင်မြို့ပေါ်က ပြန်ထွက်လာတဲ့ စစ်အုပ်စုဟာ ကောင်းဆင့်ရွာကို စီးနင်းဝင်မွှေနေပြီး တရုတ်စက်ရုံထဲက ထပ်ထွက်လာတဲ့ စစ်အုပ်စုဟာလည်း တယ်ပင်ကန်ရွာကို စီးနင်းထားတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို စစ်အုပ်စုက စစ်ကြောင်းနှစ်ကြောင်း ညှပ်ထိုးသလို လက်နက်ကြီးတွေ တရစပ် ပစ်ခတ်နေတာကြောင့် တယ်ပင်ကန်၊ ရိုးမတိန်၊ ရွာသာယာ၊ ကောင်းဆင့်၊ နှောရိုး စတဲ့ ကျေးရွာတွေက ပြည်သူ ၅၀၀၀ နီးပါး အသက်လု ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ယခုရက်ပိုင်း ယင်းမာပင်နယ်ထဲ အဖွဲ့တွေ ခွဲကာ စစ်ကြောင်းတွေ ပတ်ထိုးနေပြီး လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ လကုန်ပိုင်းက စတင်ပြီး ယင်းမာပင်ခရိုင် ပုလဲနယ်ကို စစ်အုပ်စုက အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းပတ်ထိုး၊ ဗုံးပတ်ကြဲနေသလို ယမန်နေ့ကလည်း ယင်းမာပင်နဲ့ ကနီနယ်အစပ် ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းပတ်ထိုး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်ခဲ့ပါတယ်။

ယင်းမာပင်နဲ့ ပုလဲနယ်က စစ်ဘေးရှောင်ပြည်သူတွေ ယမန်နေ့က တွေ့ရစဉ်/Photo – ပေးပို့၊ ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ယင်းမာပင်မြို့နယ် #စစ်ဘေးရှောင်



