မြင်းခြံနယ် စစ်အုပ်စု ထပ်မံ စစ်ကြောင်းထိုး မီးရှို့လို့ နှစ်ရက်အတွင်း အိမ်ခြေ ၅၀၀ ပြာကျ၊
စစ်အုပ်စုက မြင်းခြံနယ် အနောက်ခြမ်း ရွာတွေကို စီးနင်းသတ်ဖြတ်၊ မီးရှို့နေတာ နှစ်လကျော်ကြာ ရှိလာပြီး ဒေသခံ သောင်းချီ စစ်ဘေးရှောင်နေရ၊
MN/MFP ၊ မတ် – ၉
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဧရာဝတီမြစ်ရိုးတလျှောက် ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက မတ် ၇ ရက်က စတင်ကာ တကျော့ပြန် စစ်ကြောင်းထိုး၊ စီးနင်း၊ မီးရှို့ ဖျက်ဆီးတာကြောင့် နှစ်ရက်အတွင်း အိမ်ခြေ ၅၀၀ ကျော် မီးလောင်ပြာကျ ပျက်စီးတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မတ် ၇ ရက်မှာ မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးတွေ ပူးပေါင်းအင်အား အင်အား ၁၀၀ ကျော်ဟာ မြင်းခြံနယ် အနောက်ခြမ်းရှိ ပြည်တော်သာ၊ တန်ဆောင်း၊ ဒါးကျွန်း (တောင်-မြောက်)၊ နတ်ညွှန်း၊ သင်္ဘောတင်နဲ့ ပတ္တာ စတဲ့ ကျေးရွာတွေကို စီးနင်းလုယက် မီးရှို့တာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ မတ် ၈ ရက် မနေ့က အိမ်ခြေ ၆၀၀ နီးပါးရှိတဲ့ သင်္ဘောတင်ရွာကို စီးနင်းလုယက်ပြီးနောက် ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးခဲ့သလို ပတ္တာကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
“မနေ့ကတော့ ပတ္တာရွာနဲ့ သင်္ဘောတင်ရွာကို (စစ်အုပ်စု) မီးရှို့တာ။ သင်္ဘောတင်ရွာကတော့ အိမ်ခြေ ၄၀၀ ကျော်လောက် ပါသွားတယ်။ သင်္ဘောတင်ရွာကတော့ အခုတစ်ကြိမ်မှ ပထမဆုံးစပြီးတော့ အရှို့ခံရတာ။ ပတ္တာရွာကတော့ ဇန်နဝါရီလလောက်က မီးရှို့တာမှာ အိမ်ခြေ ၂၀၀ ကျော် ပါသွားတယ်။ မနေ့က အဲဒီ ပတ္တာရွာက ကျန်နေတဲ့ အိမ်တွေကို မီးထပ်ရှို့သေးတယ်။ ဒီနေ့ကတော့ စစ်ကြောင်းတွေက အဲဒီ ရွာတွေနားမှာပဲ ဆက်ရှိနေသေးတယ်။ နောက်ပြီးတော့ အမျိုးသား နှစ်ယောက် ဖမ်းခံထားရတယ်။ ပြန်မလွတ်သေးဘူး”
အဲ့ဒီ ပတ္တာ၊ ဒါးကျွန်း (တောင်ရွာနဲ့မြောက်ရွာ)၊ ပြည်တော်သာ၊ တန်ဆောင်း၊ နတ်ညွှန်း၊ စတဲ့ ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလမှာလည်း စစ်အုပ်စုက စီးနင်းလုယက်၊ လူသတ်၊ မီးရှို့တာတွေ ကျူးလွန်ခဲ့ပါသေးတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း ပတ္တာကျေးရွာက စာသင်ကျောင်းနဲ့ အိမ်ခြေ ၂၇၇ လုံး အပါအဝင် နတ်ညွှန်း၊ ဒါးကျွန်း (တောင်ရွာနဲ့မြောက်ရွာ)၊ ပြည်တော်သာ၊ တန်ဆောင်း စတဲ့ ကျေးရွာ ခြောက်ရွာက အိမ်ခြေ ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ ဒါးကျွန်းရွာက ဖမ်းဆီးရမိတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီး နှစ်ဦးကို သတိလစ် မေ့မျောတဲ့အထိ အုပ်စုဖွဲ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သလို သင်္ဘောတင်ကျေးရွာက ငါးတန်းကျောင်းသူ တစ်ဦးကိုလည်း ပစ်သတ်ခဲ့ပါသေးတယ်။
ဇန်နဝါရီ ၁၇ ရက်ကနေ မတ် ၈ ရက် မနေ့ကထိ နှစ်လအတွင်း မြင်းခြံနယ်ရှိ သင်္ဘောတင်၊ ပတ္တာ (အရှေ့ရွာနဲ့ အနောက်ရွာ)၊ နတ်ညွှန်း၊ ဒါးကျွန်း(တောင်ရွာနဲ့ မြောက်ရွာ)၊ တန်ဆောင်း၊ ပြည်တော်သာ၊ သပြေသာ စတဲ့ ကျေးရွာ ၁၀ ရွာက အိမ်ခြေ ၂၀၀၀ ကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။
စစ်အုပ်စု ရန်ကြောင့် ပတ္တာ၊ နတ်ညွှန်း၊ ဒါးကျွန်း၊ သဲဖြူဝ၊ ပြည်တော်သာ၊ တန်ဆောင်း၊ သင်္ဘောတင်၊ ဒေါင့်သစ်၊ လေးဖြတ်ခုံ၊ အောင်ပြည်စိုး၊ ရွှေညောင်ပင် စတဲ့ ကျေးရွာ ၁၅ ရွာကျော်က သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနရတာ နှစ်လကြာပြီ ဖြစ်ပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
“စစ်ရှောင်ပြည်သူတွေကတော့ ကိုင်းတောတွေ သောင်ခုံတွေပေါ်မှာ ဖြစ်သလို နေထိုင်နေကြရတာ။ စစ်ရှောင်ရက် ကလည်း ကြာလာပြီဆိုတော့ စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိလာတယ်။ ရာသီဥတု ကလည်း ပူလာပြီဆိုတော့ အမိုးအကာလေးတွေ လိုလာပြီ။ ဆေးဝါး၊ အမိုးအကာ၊ စားနပ်ရိက္ခာ အဲဒါတွေ အဓိက လိုအပ်နေပါတယ်။ စစ်ရှောင်ပြည်သူတွေကလည်း မလျော့သွားဘူး ပိုတိုးလာနေတာ မြင်းခြံနယ်ထဲမှာ” လို့ မြင်းခြံနယ်ထဲက စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေသူ တစ်ဦးက ဆိုပါတယ်။
မြင်းခြံနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ရွာမီးရှို့၊ လူသတ်၊ လုယက်၊ အဓမ္မပြုကျင့်တာတွေ ကျူးလွန်နေသလို စစ်ရှောင်ပြည်သူကို ဒရုန်းနဲ့ ဗုံးကြဲသတ်ဖြတ်တာတွေပါ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မတ် ၄ ရက်က မြင်းခြံနယ်၊ နဘူးအိုင်ရွာရွာ စစ်ရှောင်ပြည်သူတွေ ခိုလှုံနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက် ခုနစ်နှစ်နဲ့ ၃၅ နှစ်အရွယ် သားအမိနှစ်ဦးနဲ့ အသက် ၈၀ အရွယ် အဖွားပိုနှစ်ဦး၊ စုစုပေါင်း စစ်ရှောင်ပြည်သူ လေးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။
မြင်းခြံနယ်ထဲ စစ်အုပ်စု မီးရှို့ဖျက်ဆီးတဲ့ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #မြင်းခြံမြို့နယ် #သင်္ဘောတင်



