စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာအနီး ကားလမ်းပေါ် စစ်အုပ်စုကို တိုက်ခိုက်ရာ တစ်ယောက် သေ၊ လက်နက်ရ၊ စစ်အုပ်စုက ရွာကို စီးနင်းကာ ပြည်သူတွေကို ပတ်သတ်၊ အိမ်မီးရှို့၊

ဘုန်းစိုး/MFP၊ မတ် – ၁၁

စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့အနီး၊ မုံရွာ – မန္တလေး ကားလမ်းပေါ်မှာ ယမန်နေ့က အာဏာသိမ်း စစ်အုပ်စုကို တိုက်ခိုက်ရာ တစ်ယောက် သုတ်သင်နိုင်ပြီး လက်နက်တစ်လက် သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ တော်လှန်ရေးတပ် BRAVE HEART ARMY-BHA က သတင်း ထုတ်ပြန်ပါတယ်။

မတ်လ ၉ရက် ညနေ ၄နာရီခွဲအချိန် မုံရွာမြို့ မအူဂိတ်က ထွက်လာပြီး လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုကို ဒေသခံ တော်လှန်ရေးတပ်တွေ ဖြစ်တဲ့ BRAVE HEART ARMY-BHA နဲ့ GOLDEN TARGET FORCE – GTF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု တစ်ယောက် သေပြီး MA-1 အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရကာ အထိအခိုက် အသေအပျောက် ရှိတဲ့ အာဏာသိမ်း စစ်အုပ်စုက ညပိုင်းမှာ မုံရွာမြို့အနီးရှိ ထနောင်းတော (မြောက်)ရွာကို ရုတ်တရက် စီးနင်းပြီး ပြည်သူနှစ်ဦးကို ပစ်သတ်ကာ နေအိမ်တွေ လုယက်၊ မီးရှို့ခဲ့တယ်လို့ BHA က ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ ညနေပိုင်း တိုက်ပွဲဖြစ်ပြီးနောက် ည ၉နာရီခွဲအချိန် မုံရွာမြို့နယ်၊ ထနောင်းတော(မ)ရွာကို ရုတ်တရက် စီးနင်းပြီး တွေ့သမျှလူကို ပစ်သတ်ရာ လွတ်အောင်မပြေးနိုင်တဲ့ ရွာခံပြည်သူ နှစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

မုံရွာမြို့အထွက်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ စွမ်းရည်ထက် ဆီဆိုင် ငွေညှစ်ဂိတ်ထဲရှိ စစ်အုပ်စုနဲ့ ညောင်ပင်သာ ငွေညှစ်ဂိတ်ထဲရှိ စစ်အုပ်စုတို့ နှစ်ဖွဲ့ပေါင်းကာ ခြေလျင်စစ်ကြောင်း၊ ပွိင့်(5)ကား အပါအ၀င် ကားရှစ်စီးနဲ့ ထနောင်းတော(မြောက်)ရွာကို ရုတ်တရက် ပစ်ခတ် စီးနင်းခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ထနောင်းတော (မြောက်)ရွာအတွင်းရှိ တွေ့သမျှ လူတိုင်းကို ပစ်သတ်ဖို့ ကြိုးစားခဲ့ပြီး စျေးဆိုင်နဲ့ နေအိမ်တွေကို ဝင်မွှေလုယက်သလို စတားလင့်ဆိုင်ဖွင့်ထားတဲ့ အိမ်နှစ်အိမ်ကိုလည်း မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

“ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက် ပစ်သတ်ခံရတာ ရှိတယ်” လို့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

သေဆုံးသူ လူငယ်နှစ်ဦးဟာ စစ်အုပ်စု ရွာကို ပစ်ခတ်စီးနင်းချိန် ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် လွတ်အောင်မပြေးနိုင်ဘဲ ရွာလမ်းမပေါ်မှာ ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

“စစ်ကြောင်းက ပစ်ပြီး ၀င်လာတာ၊ အဲ့တာ ထွက်ပြေးရင်း သေနတ်မှန်သွားတာ၊ အိမ် နှစ်လုံးလည်း မီးရှို့ ခံရတယ်၊ ရွာထဲက အိမ်စီးကား လေးစီးလည်း သူတို့(စစ်တပ်)က ယူသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မုံရွာမြို့အဝင်အထွက်တွေမှာ စစ်အုပ်စုက ဂိတ်တွေဖွင့်ထားပြီး ခရီးသွားပြည်သူတွေကို နေ့စဉ် လက်နက်ပြ တားဆီး ငွေညှစ်တာ၊ ဖမ်းဆီးတာတွေ လုပ်နေသလို ညစဉ်ညတိုင်း အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ ငွေညှစ်ဂိတ်တွေထဲရှိ စစ်အုပ်စုက အနီးဝန်းကျင် ကျေးရွာတွေကို မကြာခဏ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေလည်း ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဩဂုတ်လအတွင်းကလည်း အဲ့ဒီ မုံရွာမြို့ရဲ့ တောင်ဘက်ရှိ ထနောင်းတောကျေးရွာကို မုံရွာမြို့အတွက် မအူငွေညှစ်ဂိတ်ထဲနေ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ ပြည်သူ ၁၀ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၅ ဇူလိုင်လအတွင်းကလည်း ထနောင်းတောကျေးရွာကို စစ်အုပ်စုက နှစ်ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ရွာခံပြည်သူ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

မုံရွာမြို့အနီး ကားလမ်းပေါ် စစ်အုပ်စုကို တိုက်ခိုက်ရာ သိမ်းဆည်းရရှိတဲ့ လက်နက်၊ အထိနာတဲ့ စစ်အုပ်စုက မုံရွာမြို့ရဲ့ တောင်ဘက်ရှိ ထနောင်းတော (မြောက်)ရွာကို စီးနင်းကာ ပစ်သတ်ခဲ့တဲ့ ပြည်သူတွေနဲ့ စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ရွာခံပြည်သူတွေ/Photo – BHA၊ ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မုံရွာ #ထနောင်းတောရွာ

Related Articles

Back to top button