ယင်းမာပင်နဲ့ ဝမ်ပေါင်ကြား စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုးနေပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်၊
တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်၊ ဒေသခံတွေ ထွက်ပြေးနေရဆဲ၊

သုထက်/MFP၊ မတ် – ၁၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ပိုင် ဝမ်ပေါင်ကြေးနီစက်ရုံနဲ့ ယင်းမာပင်မြို့ကြား ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စီးနင်းလုယက် စစ်ကြောင်းထိုးနေတာ ငါးရက်ကြာ ရှိလာပြီး နှောရိုးကျေးရွာက ပြည်သူတစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မတ်လ ၇ရက်မှာ တရုတ်ပိုင် ယန်စီကြေးနီစက်ရုံထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ ယင်းမာပင်မြို့နဲ့ တရုတ်ကြေးနီစက်ရုံတွေကြားရှိ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စီးနင်းကာ စစ်ကြောင်းထိုးနေသလို လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်နေတာကြောင့် ယင်းမာပင်မြို့နဲ့ တရုတ်စက်ရုံကြားရှိ တယ်ပင်ကန်၊ ရိုးမတိန်၊ ရွာသာယာ၊ ကောင်းဆင့်၊ နှောရိုး စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေး နေကြရပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ယင်းမာပင်မြို့နယ် နှောရိုးကျေးရွာကို စီးနင်းချိန် စစ်ဘေးရှောင် ထွက်မပြေးနိုင်လို့ ကျေးရွာအတွင်းရှိ နေအိမ်မှာပဲ ကျန်ရစ်တဲ့ အသက် ၅၀ဝန်းကျင် အမျိုးသားတစ်ဦးကို သတ်ဖြတ် စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကြောင်းက ဒီနေ့(မတ်၁၂ရက်) ငြိမ်တယ်။ ယင်းမာပင် (မြို့)ထဲမှာပဲ၊ နှောရိုးက အသက် ၄၈ ဝန်းကျင် အမျိုးသား တစ်ယောက် သတ်ခံရတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
မတ်လ ၁၁ရက် မနေ့ကတော့ အဲ့ဒီ ယင်းမာပင်မြို့နဲ့ တရုတ်ကြေးနီစက်ရုံတွေကြား ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အထိအခိုက် များတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
မတ်လ ၁၁ရက် မွန်းတည့်ချိန်လောက်မှာတော့ စစ်အုပ်စုက တရုတ်ပိုင် ဝမ်ပေါင်-ယန်စီ ကြေးနီစက်ရုံတွေထဲကနေ သံပြားကာကား ငါးစီးနဲ့ ထွက်လာပြီး ယင်းမာပင်မြို့ဘက် ဦးတည်ကာ လမ်းပေါ်ရှိ တယ်ပင်ကန်ရွာကို စီးနင်းလုယက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
“ယင်းမာပင် – ညောင်ပင်ကြီး လမ်းပိုင်းကို စိုးမိုးချင်တာ ထင်တယ်။ မနေ့ကနဲ့ ဒီနေ့ နှစ်ရက် ဆက်တိုက် တိုက်ခိုက်ခံရတယ်။ မနေ့ကလည်း ဒရုန်းနဲ့တိုက်ခံရတာ စစ်တပ်ဖက်က အတော်နာတယ်၊ ဒီနေ့လည်း ဒဏ်ရာရတွေကို ကားပေါ် တင်သွားတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံသတင်းအရင်းမြစ်က MFP ကို ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုဟာ ယင်းမာပင်မြို့နဲ့ တရုတ်ကြေးနီစက်ရုံတွေကြားရှိ ကောင်းဆင့်ရွာကို စီးနင်း တပ်စွဲထားပြီး ယင်းမာပင်မြို့နဲ့ ဝမ်ပေါင်-ယန်စီကြား နေ့စဥ် ကူးသန်းသွားလာနေတယ်လို့ ဆိုပါတယ်။

ယင်းမာပင်နယ်က စစ်ဘေးရှောင်ပြည်သူတွေကို တွေ့ရစဉ်/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ယင်းမာပင်မြို့နယ် #စစ်ဘေးရှောင်



