ပခုက္ကူ ပေါက်မှာ စစ်ကားတန်း ဖြတ်သန်းချိန် ရန်ပြုလို့ ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရ၊ စစ်အုပ်စုက ဗုံးလည်း ကြဲနေ၊
အီသာရမ်/MFP ၊ မတ်-၁၃
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ကားတန်း ဖြတ်သန်းချိန် လမ်းဘေးတလျှောက် ကျေးရွာတွေကို စီးနင်းလုယက်၊ ရန်ပြုတာကြောင့် ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာတွေက ဒေသခံပြည်သူ ၇၀၀၀ ကျော်ဟာ မတ်လ ၁၁ရက်က စတင်ကာ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ ဖြစ်ပြီး တောတောင်တွေထဲ ဖြစ်သလို ခိုလှုံနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
မတ်လ ၉ရက်မှာ ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်က ထွက်လာတဲ့ ကားအစီးရေ ၁၅၀ ကျော်ပါ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ကားတန်းဟာ ပုဂံ-ညောင်ဦး – ချောက် ကားလမ်းအတိုင်း ဖြတ်သန်းကာ ဆိပ်ဖြူမြို့နယ်ရှိ စစ်အုပ်စုရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ ၂၂ ကို ရောက်ရှိပြီးနောက် ပေါက်မြို့နယ် ကပစ ၂၄ လက်နက်စက်ရုံဘက် ဆက်လက် ဦးတည် နေတာလို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုရဲ့ ကားတန်းဟာ မတ်လ ၁၁ရက်မှာ ပေါက်မြို့နယ် ချက်ကန်ရွာကို စီးနင်း ညအိပ်ပြီးနောက် လက်ရှိမှာ သုံးဖွဲ့ခွဲ ထွက်လာပြီး ကားလမ်းတလျှောက် ကျေးရွာတွေကို စီးနင်းလုယက်၊ ရန်ပြုနေလို့ အိမ်ထောင်စု ၁၂၀၀ ကျော်၊ လူဦးရေ ၇၀၀၀ ခန့် စစ်ဘေးရှောင် ထွက်ပြေးကာ တောတောင်တွေထဲ ယာယီ ခိုလှုံနေထိုင်နေကြရတယ်လို့ ပေါက်မြို့နယ် လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန – လူသားစာနာ က ထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ သူတို့ရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ကားတန်း ဖြတ်သန်း သွားလာရာ လမ်းတလျှောက် မြို့၊ရွာတွေကို ပါရာမော်တာ (Paramotor – စက်တပ်လေထီး) နဲ့လည်း ဗုံးပတ်ကြဲတာကြောင့် ပြည်သူတွေ မတ်လ ၁၀ရက်ကတည်းက စစ်ဘေးရှောင်နေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ပါရာမော်တာတွေ ကြဲတာတွေလည်း ရှိတယ်၊ ပေါက်မြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်တွေကို ကြဲတာ၊ ဒေသခံ ပြည်သူတွေလည်း စရှောင်နေရပြီ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ယခင်ကလည်း မကွေးတိုင်းထဲ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ကားတန်းတွေ ဖြန်သန်းသွားလာတိုင်း လမ်းတလျှောက် ကျေးရွာတွေကို စီးနင်းလုယက်၊ မီးရှို့၊ လူသတ်လေ့ရှိသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဇွန်လက ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေ ပေါက်မြို့နယ် ကပစ-၂၄ ကို စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ကားတန်း ဖြတ်သန်းသွားလာဖို့ ကြိုးစားခဲ့ဖူးပြီး လမ်းတလျှောက် မြို့ရွာတွေကို စီးနင်းလုယက်၊ လူသတ်၊ မီးရှို့တာတွေ ကျူးလွန်ခဲ့သလို တော်လှန်ရေး တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကားတန်း ရှေ့မဆက်နိုင်ဘဲ မိုင် ၁၀၀ ပင်မပြည့်တဲ့ခရီးကို အချိန် နှစ်လကျော်ကြာ ဖြတ်သန်းခဲ့ရဖူးပါတယ်။
စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းကားတန်း ဖြတ်သန်းချိန် လမ်းဘေးတလျောက် မြို့၊ရွာတွေကို စီးနင်းလုယက်၊ ရန်ပြုလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ပေါက်မြို့ လူသားစာနာ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ပေါက် #ပခုက္ကူတပ်မ၁၀၁



