မန္တလေးသတင်းအညာမြေ တော်လှန်ရေး

မိုးကုတ်မြို့မြောက်ဘက် ကျေးရွာတွေကို စစ်အုပ်စု အပြင်းအထန် ထိုးစစ်ဆင်နေ၊ မိုးကုတ်အနောက်ပိုင်းမှာလည်း နေ့စဉ် တိုက်ပွဲ ဖြစ်၊

ကိုကော်ဖီ/MFP၊ မတ် – ၁၃

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် မြောက်ဘက်မှာ ရှိတဲ့ ကျေးရွာတွေကို စိုးမိုးထိန်းချုပ်နိုင်ရေး အာဏာသိမ်း စစ်အုပ်စုက လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုကာ အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မိုးကုတ်မြို့ မြောက်ဘက်ရှိ ကျေးရွာတွေဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ အဓမ္မ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အင်အားအများအပြား အသုံးပြုနေပြီး လက်ရှိမှာ အင်းချောက်နဲ့ ပြောင်းခေါင်း စတဲ့ ကျေးရွာတွေအထိ ဝင်ရောက်လာနိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

“အင်းချောက် နဲ့ ပြောင်ခေါင်းမှာ သူတို့(စစ်အုပ်စု) ရောက်‌နေပြီ၊ လက်နက်ကြီး ပစ်တယ်၊ ဒရုန်းသုံးတယ်၊ တာဝါတိုင်တွေပဲ ကြားဖြတ်ထိုးတာ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျောက်နဂါးကျေးရွာအနီးမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီး စစ်အုပ်စု အသေအပျောက် များတယ်လို့ မိုးကုတ်ဒေသခံတချို့က ဆိုပါတယ်။

တချိန်တည်းမှာပဲ မိုးကုတ်အနောက်ပိုင်းမှာလည်း တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်နေပြီး မတ်လ ၉ ရက်က မိုးကုတ်၊ ကျပ်ပြင်မြို့၊ ဂေါင်းဦးဘာရပ်ကွက်ထဲကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ဒုတိယအပတ်က စတင်ကာ မိုးကုတ်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ကျောက်ဆင်–ဘော်မား ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပြီး ကျပ်ပြင်ရဲစခန်းထဲနေ စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဉ် ရမ်းကား ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျောက်ဆင်-ဘော်မားဒေသဟာ စစ်ရေးအရ အချက်အချာကျပြီး မိုးမိတ် – မန္တလေးနဲ့ ရှမ်းပြည် မြောက်ပိုင်းကို ဆက်သွယ်နိုင်တဲ့အတွက် အဲဒီဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်အုပ်စုက တပ်မ ၃၃ နဲ့ တပ်မ ၅၅ ပူးပေါင်းပြီး အရှိန်အဟုန်မြင့် ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

“တပ်မ ၃၃ နဲ့ ၅၅ ပူးပေါင်းပြီး ကျောက်နဂါးဘက်ကနေ ကျောက်ဆင်ကို စစ်ကြောင်းထိုးနေပါတယ်။ လက်နက်ကြီး အသံတွေကို အရှေ့ပိုင်းကနေပါ ကြားနေရပါတယ်” လို့ မိုးကုတ်အရှေ့ပိုင်း ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း ၂၀၂၄ ဇွန်လကုန်မှာ တအာင်းတပ်-TNLA နဲ့ တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတွေက သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်က ခြိမ်းခြောက် အကြပ်ကိုင်တာကြောင့် ၂၀၂၅ နိုဝင်ဘာမှာ မိုးကုတ် နဲ့ မိုးမိတ် မြို့ပေါ်တွေကို TNLA က စစ်အုပ်စုထံ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ရပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို အာဏာသိမ်း စစ်အုပ်စု ပြန်ရပေမယ့် မြို့အပြင်ဘက်တွေမှာ တော်လှန်ရေး တပ်တွေ စိုးမိုး လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

မိုးကုတ်–မိုးမိတ်ဒေသ ပြန်လည် သိမ်းပိုက်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ -NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန – MOD က စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းကာ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် မိုးကုတ်–မိုးမိတ်ဒေသမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လတာအတွင်း တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၂၁ ယောက် သေဆုံးကာ သုံ့ပန်းတချို့ ဖမ်းဆီး ရမိခဲ့တယ်လို့ NUG က ဖေဖော်ဝါရီ ၂၈ရက်မှာ ထုတ်ပြန်ထားပါတယ်။

မတ်လ ၉ရက်က မိုးကုတ်မြို့ အနောက်ပိုင်း၊ ကျပ်ပြင်မြို့၊ ခေါင်းဦးဘာရပ်ကွက်ထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုကို တွေ့ရစဉ်/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မိုးကုတ်

Related Articles

Back to top button