စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ကလေးမြို့မှာ စစ်အုပ်စုက ဖမ်းဆီး ထောင် နှစ် ၂၀ ချထားတဲ့ နိုင်/ကျဉ်း တစ်ဦး ထောင်တွင်း ဆေးကုခွင့် မရလို့ ဆုံးပါး၊

ကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်ရေး အလောင်းပြန်ရဖို့ တောင်းပေမဲ့ စစ်အုပ်စုက မပေး၊

‌‌ရွှေဥ/MFP၊ မတ် – ၁၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်မှာ အာဏာသိမ်း စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်တဲ့ ဆေးဝါး ကုသခွင့် မရရှိတာကြောင့် မတ်လ ၁၃ ရက်က ထောင်အတွင်းမှာပဲ ဆုံးပါးခဲ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ သေဆုံးသူဟာ ကလေးမြို့နယ် မြောက်ပိုင်း ရာဇဂြိုလ်ကျေးရွာဇာတိ အသက် ၅၄ နှစ်အရွယ် ဦးဝင်းမြင့်စိုး ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမူတွေမှာ ပါဝင်ခဲ့တဲ့ ဦးဝင်းမြင့်စိုးကို အာဏာသိမ်း စစ်အုပ်စုက ၂၀၂၁ ဩဂုတ် ၁၅ ရက်မှာ ဥပဒေမဲ့ ဖမ်းဆီးကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ -က (လူသတ်မှု) စတဲ့ ပုဒ်မတွေနဲ့ အမှုဆင် တရားစွဲပြီးနောက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားတာ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“ထောင်ထဲမှာပဲ ဆုံးသွားတယ်။ ဆေးကောင်းကောင်း မကုရလို့ အသက်ဆုံးတာပါ၊ ရောဂါကတော့ အသဲခြောက်တာနဲ့ ရေပျဉ်းစွဲတာလို့ သိရတယ်” လို့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

ဦးဝင်းမြင့်စိုးဟာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီး၊ အမှုဆင်၊ ထောင်ချခံရပြီးနောက် ကလေးထောင်အတွင်း အသဲခြောက် ရောဂါနဲ့ ရေပျဉ်းစွဲ ရောဂါ ဝေဒနာ ပြင်းထန်စွာ ခံစားနေရပေမယ့် ထောင်ပိုင် ဦးအောင်မိုးဝင်း ဆိုသူ အပါအဝင် စစ်အုပ်စု သစ္စာခံ ထောင်ဝန်ထမ်းတွေက လုံလောက်တဲ့ ဆေးဝါး ကုသခွင့် မပေးတာကြောင့် ဆုံးပါးခဲ့ရတာ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူရဲ့ မိသားစုဝင်တွေက ကောင်းမွန်စွာ သင်္ဂြိုဟ်ခွင့်ရဖို့ ရုပ်အလောင်းပြန်ပေးဖို့အတွက် ကလေးမြို့ ထောင်ပိုင်ဖြစ်သူ ဦးအောင်မိုးဝင်းကို တောင်းဆိုခဲ့ပေမယ့် ရုပ်အလောင်း ပြန်မရဘဲ ထောင်အစီအစဉ်နဲ့ပဲ ကလေးမြို့နယ် တောင်ပိုင်းရှိ ကံပုလဲ သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ရတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အလောင်းက ပြန်မပေးဘူး၊ အလောင်းပြန်မရဘူး။ တရားရုံးကနေ တောင်းခိုင်းတယ်”

အာဏာသိမ်း စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးချိန်မှာ ဦးဝင်းမြင့်စိုးဟာ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ပြီး ထောင်တွင်းရောက်ရှိချိန် အစားအသောက်၊ အနေအထိုင် ဆိုးရွားတာနဲ့ စစ်အုပ်စု သစ္စာခံ ထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက် ညှင်းပန်းတာတွေကြောင့် ကျန်းမာရေးဆိုးရွားလာတာ ဖြစ်တယ်လို့လည်း ကလေးထောင်ကနေ လွတ်မြောက်လာသူတစ်ဦးက MFP ကို ပြောပါတယ်။

“သူက နှစ် ၂၀ ချခံရတာ။ အယူခံဝင်ထားတော့  ၁၀နှစ် ဖြစ်သွားတယ်။ ချတာကတော့ နှစ် ၂၀ ပေါ့။ သူက အရင်ကတော့ ကျန်းမာရေး ကောင်းတယ်။ ထောင်ထဲမှာက  နိုင်ငံရေး အကျဉ်းသားတွေဆို ဖိနှိပ်တာ ရှိတယ်။ ဆေးကောင်းကောင်း ကုသခွင့် မပေးတာပေါ့”

ကလေးမြို့ အကျဉ်းထောင်မှာ စစ်‌အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း ထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ သေဆုံးတဲ့ နိုင်/ကျဉ်း လေးဦးအထိ ရှိပြီ ဖြစ်ပါတယ်။

ကလေးမြို့ထောင်မှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးခံရကာ အမှုဆင် ထောင်ချခံရပြီး လုံလောက်တဲ့ ဆေးဝါး ကုသခွင့်မရလို့ သေဆုံးသူတွေဟာ အသက် ၃၉ နှစ် ဦးချစ်ဖူး၊ အသက် ၄၅နှစ်အရွယ် ဦးကြည်ရအောင်၊ အသက် ၃၀ ဝန်းကျင် ကိုပေါင်ရှင်းမုန်နဲ့ ချင်းတော်လှန်ရေးတပ် – CNDF တပ်ဖွဲ့၀င် ဆလိုင်းဗန်ဗျက်ဟင်မ်း တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် – PPNM ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ဇန်နဝါရီလကနေ အောက်တိုဘာအထိ ၁၀လတာအတွင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိတာနဲ့ အရေးပေါ် ဆေးကုသခွင့် မရရှိတာတွေကြောင့် ဆုံးပါးခဲ့ရတဲ့ နိုင်ငံရေး အကျဥ်းသား ၂၈ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၆ မတ်လ ၁၃ ရက်အထိ နိုင်ငံတဝန်း  အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးခဲ့သူ ၃၀၆၃၄ ဦး ရှိပြီး အဲ့ဒီအထဲက တချို့ပြန်လွတ်ကာ ၂၂၄၄၂ ဦးဟာ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းခံရဆဲ ဖြစ်ကာ အဲ့ဒီ မလွတ်မြောက်သေးသူတွေထဲက ၁၁၂၉၀ ဦးကို စစ်အုပ်စုက ထောင်ချထားတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က မတ်လ ၁၃ရက်မှာ ထုတ်ပြန်ပါတယ်။

AAPP ဟာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်မှတ်တမ်းပြုစု ဖော်ပြနေတဲ့ အဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းကာလအတွင်း စစ်အုပ်စုနဲ့ စစ်အုပ်စု လက်ပါးစေတွေက သတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၇၈၈၇ဦး ရှိခဲ့ပြီ ဖြစ်တယ်လို့ AAPP က ဖော်ပြပါတယ်။

ကလေးမြို့ အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့ရတဲ့ နိုင်/ကျဉ်း ဦးဝင်းမြင့်စိုး/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ကလေးမြို့ထောင် #နိုင်ကျဉ်း

Related Articles

Back to top button