စစ်ကိုင်းသတင်း

တန့်ဆည်နယ် စစ်ရှောင်တဲတွေကို စစ်အုပ်စု ဗုံးပတ်ကြဲလို့ အမျိုးသမီးကြီး တစ်ဦး သေဆုံး၊

MN/MFP ၊ မတ် – ၁၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေထိုင်တဲ့ တဲတိုက်တွေကို ဒီကနေ့ မနက်ပိုင်း အာဏာသိမ်း စစ်အုပ်စု ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် စစ်ဘေးရှောင်ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ် ၁၆ ရက် ဒီကနေ့ မနက် ၁၀ နာရီကျော်မှာ မန္တလေးမြို့၊ တံတားဦးက တက်လာတဲ့ တိုက်လေယာဉ်နဲ့ တန့်ဆည်နယ် အနောက်ခြမ်း တန့်ဆည်-ကံထူးမ-ကလေးဝ ကားလမ်းဘေး၊ ပန်းတိမ်ကုန်းနဲ့ ရေရှင်ရွာကြားရှိ စစ်ရှောင်တဲတွေကို စစ်အုပ်စုက သုံးကြိမ် ဗုံးပတ်ကြဲခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီဒေသမှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ စစ်အုပ်စုက စစ်ဘေးရှောင်ပြည်သူတွေ ပစ်မှတ်ထားကာ ဗုံးကြဲသတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“စစ်ရှောင်ပြည်သူတွေက တခြားကို သွားနေကြတာ။ အဲဒီနေရာမှာ သူတစ်ယောက်တည်း ကျန်ခဲ့ပြီးတော့ ရှိနေတာ။ စစ်ရှောင်ပြည်သူတွေက အများကြီး မရှိဘူး၊ အိမ်ခြေနည်းနည်းပဲ ရှိတာ။ သေဆုံးတာကတော့ အမျိုးသမီး တစ်ယောက်တည်းပါပဲ၊ ကျန်တာ ထိခိုက်သူ မရှိဘူး။ စစ်ရှောင် ပြည်သူတွေရှိလို့ ကြဲတာလား အဲဒီနားမှာ အလှူရှိလို့ လာကြဲတာလားတော့ မသိဘူး”

စစ်အုပ်စုက ဗုံးကြဲသတ်လို့ သေဆုံးသူဟာ စစ်ဘေးရှောင်ပြည်သူ အသက် ၅၀ ကျော်အရွယ် ဒေါ်မာနွယ် ဖြစ်ပြီး စစ်ရှောင်တဲ သုံးလုံးလည်း ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။

တန့်ဆည်မြို့နယ်ကို စစ်အုပ်စုက ဂျက်ဖိုက်တာ၊ စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာ စတဲ့ လေကြောင်းလက်နက် မျိုးစုံသုံးကာ မကြာခဏ ဗုံးကြဲနေတာ ဖြစ်ပါတယ်။

၂၀၂၅ နိုဝင်ဘာ ၂၄ ရက်က တန့်ဆည်နယ်၊ ကံထူးမရွာ တိုက်နယ်ဆေးရုံနဲ့ ကားပြင်ဆိုင်ကို စစ်အုပ်စုက ဗုံးကြဲလို့ ဒေသခံပြည်သူ ခြောက်ဦး သေဆုံးခဲ့ပြီး စက်တင်ဘာ ၂၆ ရက်မှာလည်း တန့်ဆည်နယ် ကံထူးမကျေးရွာ စက်သုံးဆီအရောင်းဆိုင်နဲ့ နေအိမ်တွေကို စစ်အုပ်စုက ဗုံးကြဲရာ ကိုယ်ဝန်ဆောင် မိခင်အပါဝင် ဒေသခံပြည်သူ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

စစ်အုပ်စုဟာ တန့်ဆည်နယ် အပါအဝင် နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲမှုတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီလကနေ ဒီဇင်ဘာလထိ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၆ ဦး သေဆုံးကာ ၄၁၄၆ ဦး ထိခိုက်ဒဏ်ရာ ရပြီး နေအိမ် ၃၅၇၆ လုံး၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၂ လုံး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၆ လုံးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၁၆ရက် မနက်ပိုင်း တန့်ဆည်နယ် စစ်ရှောင်တဲတွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #တန့်ဆည် #စစ်ရှောင်တဲ

Related Articles

Back to top button